
မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ် တခုကျော် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့ ဥရောပသမဂ္ဂ (အီးယူ) က မြန်မာ့ သတ္တုရှာဖွေရေး လုပ်ငန်းမှာ ၀င်ရောက်ရင်းနှီးမြှပ်ဖို့အတွက် မြန်မာအစိုးရနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူလက်မှတ်ထိုးထားပြီး ဖြစ်တယ်လို့ သတ္တုတွင်းဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂ (အီးယူ)က မြန်မာ့သတ္တုရှာဖွေရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြီးခဲ့တဲ့လက အပြန်အလှန်သဘောတူ လက်မှတ်ထိုးခဲ့တာလို့ သတ္တုတွင်းဦးစီးဌာနက ပြောပါတယ်။
အီးယူနိုင်ငံတွေအနေနဲ့ သတ္တုရှာဖွေရေးလုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ များသော အားဖြင့် ရွှေ၊ ကြေးနီ၊ ခဲ၊ သွပ်၊ သံနဲ့ စိန် ရှာဖွေတဲ့လုပ်ငန်းတွေမှာ ပိုမို စိတ်ဝင်စားမှု ရှိတာ ဖြစ်ပေမယ့် လတ်တလော မြန်မာနိုင်ငံမှာတော့ အီးယူအနေနဲ့ ဘယ်လိုသတ္တုမျိုးကို အဓိက ရှာဖွေသွားမယ်ဆိုတာကိုတော့ အဆိုပြု တင်ပြထားတာ မရှိသေးပါဘူး။
နည်းပညာမြင့်မားတဲ့ အီးယူနိုင်ငံတွေက မြန်မာ့သတ္တုရှာဖွေရေးလုပ်ငန်းနယ်ပယ်မှာ ၀င်ရောက်လာ အကျိုးရလဒ်တွေ အများကြီး ရလာမယ်လို့ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။
ဒီပြင် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာ့သတ္တုရှာဖွေရေးလုပ်ငန်းနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပွင့်လင်းမြင်သာမှုဖြစ်ရေးကို အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြတယ်လို့ ဦးဝင်းထိန်က ရှင်းလင်းပြော ကြားခဲ့ပါတယ်။
လက်ရှိ မြန်မာ့သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းမှာ တရုတ်နိုင်ငံက ကုမ္ပဏီ ၂ ခု အပါအ၀င် ထိုင်း၊ ဗီယက်နမ်နဲ့ ရုရှားနိုင်ငံတွေက ကုမ္ပဏီ ၁ ခုစီနဲ့ စုစုပေါင်းကုမ္ပဏီ ၅ ခု ရှိတဲ့အနက် တရုတ်နိုင်ငံရဲ့ ကြေးနီနဲ့ နီကယ် ရှာဖွေရေးလုပ်ငန်းက သတ္တုပမာဏ အများဆုံး ရှာဖွေ တူးဖော်နေတဲ့ လုပ်ငန်းတခုအနေဖြင့် ရပ်တည်နေပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ငန်းကဏ္ဍအလိုက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုစာရင်းကို ကြည့်မယ်ဆိုရင် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ သတ္တုရှာဖွေရေးလုပ်ငန်းက အမေရိကန်ဒေါ်လာ ၂၈၃၃ ဒဿမ ၇ သန်း ကျော် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။











