အိန္ဒိယနိုင်ငံ၊ ရာဂျက်စ်သန်ပြည်နယ်၊ ဂျိုင်ပူးမြို့မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေး တယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ပတ်သက်ပြီး အိန္ဒိယအတိုက်အခံတွေက ဦးဆောင် ကန့်ကွက်ရှုတ်ချ ဆန္ဒပြနေကြပါတယ်။
ပြီးခဲ့တဲ့လက အမျိုးသားအယောက် ၂၀ ကျော်က အုပ်စုလိုက် မုဒိမ်းကျင့်ပြီး လူကုန်ကူးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးအတွက် တရားမျှတမှုကို တောင်းဆိုတဲ့အနေနဲ့ အတိုက်အခံ ကွန်ဂရက်ပါတီဝင်တွေဟာ ဇူလိုင် ၁၀ ရက်က အတားအဆီးတွေကို ကျော်တက်ပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးဆန္ဒပြခဲ့ကြပါတယ်။
အရွယ်မရောက်သေးသူ မိန်းကလေးဟာ ရာဂျက်စ်သန်ပြည်နယ်၊ စီရီဂန်ဂါနာဂါမြို့က ဟိုတယ်တွေမှာ အုပ်စုလိုက် မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီအမှုက အလွန်အမင်း ထိလွယ်ရှလွယ် ဖြစ်လို့ စုံစမ်းစစ်ဆေးနေပြီး ရာဇဝတ်မှုဖြစ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဟိုတယ်အဆောက်အအုံတွေကို “စည်းမျဉ်းတွေ စံနှုန်းတွေကို ချိုးဖောက်မှုနဲ့ အစိုးရက ဖြိုဖျက်ခဲ့တယ်”လို့ စီရိဂန်ဂါနာဂါမြို့ ရဲမှူးကြီး ဟာရီရှန်ကာက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း အနောက်ဘင်္ဂလားပြည်နယ်မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတယောက် မုဒိမ်းကျင့်၊ သတ်ဖြတ်ခံခဲ့ရအပြီး အကြမ်းဖက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။
၂၀၁၂ ခုနှစ်က မြို့တော် ဒေလီမှာ အသက် ၂၂ နှစ်အရွယ် ဆေးကျောင်းသူ တယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်တဲ့အမှု ပေါ်ပေါက်ပြီးတဲ့နောက် ပိုတင်းကျပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပေမဲ့ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ဘေးကင်းရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။
Source: Reuters










