DVB Logo
Home
မြန်မာသတင်း
ကုလအထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မပြုရေး အမေရိကန်နှင့် တရုတ် သဘောတူ
DVB
·
September 14, 2021
ကုလအထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မပြုရေး အမေရိကန်နှင့် တရုတ် သဘောတူ
Donate to DVB

စက်တင်ဘာ ၁၄ ရက်စတင်ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီဘက်ကကိုယ်စားလှယ် တက်ရောက်မိန့်ခွန်း မပြောနိုင်အောင် ထိထိရောက်ရောက် တားဆီးဖို့ အမေရိကန်နဲ့ တရုတ်တို့ သဘောတူညီရရှိခဲ့တယ်လို့ သံတမန်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းမှာ ရေးသား ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ကို ဥရောပသမဂ္ဂ (အီးယူ) ကိုယ်စားလှယ်တွေ၊ အာဆီယံနိုင်ငံတွေနဲ့ ရုရှား နိုင်ငံတို့ကလည်း အလွတ်သဘော ထောက်ခံအတည်ပြုပေးခဲ့ပါတယ်။

ဒါဟာ ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ကျူးလွန်ပြီးနောက်မှာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုခံရအောင် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို ထိုးနှက်ချက်တရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ နောက်ကွယ်က သီတင်းပတ်ချီ သံတမန်ရေးစေ့စပ်ညှိနှိုင်းမှုတွေအတွင်း မြန်မာအနေနဲ့ ကြံ့ကြံ့ခံဖို့ လိုအပ်မှာဖြစ်ပြီး အရင်အစိုးရကို ကိုယ်စားပြုတဲ့ လက်ရှိကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဆင့်မြင့်အစည်းအဝေးတွေအတွင်း ပြောဆိုဆွေးနွေးခွင့်ကို ဆက်ထိန်းထားရဖို့နဲ့ ဒါမှသာ အနည်းဆုံး နို၀င်ဘာလအထိ မြန်မာနိုင်ငံမှာ တရားဝင်အစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ ဖိအားပေးမယ့် စစ်ကောင်စီရဲ့ ဘယ်လိုကြိုးပမ်းမှုကိုမဆို နှောင့်နှေးစေနိုင်မှာဖြစ်တယ်လို့  ဆိုပါတယ်။ 

စက်တင်ဘာ ၁၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့အသင့်တော်ဆုံး ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ကို ရွေးချယ်ဆုံးဖြတ်ပေးမယ့်   ကုလသမဂ္ဂကိုယ်စားလှယ် ၉ ဦးပါ စိစစ်ရွေးချယ်ရေးအဖွဲ့  Credential Committee ကို ခန့်အပ် ကြေညာဖို့ အစီအစဉ်ရှိပါတယ်။ 

တရားဝင် မကြေညာသေးပေမဲ့ အဆိုပါ ၉ ဦးကော်မတီကို ဆွီဒင်နိုင်ငံက ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှာဖြစ်ပြီး အဖွဲ့တွေထဲမှာ  ဘူတန်၊ ဘဟားမား၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီယာရာလီယွန်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှ ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်တယ်လို့လည်း  သတင်းထွက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်နေရာကို ဘယ်လိုရှေ့ဆက်လုပ်ဆောင်မလဲ ဆိုတာ နိုင်ငံတကာဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက Foreign Policy  နဲ့ တယ်လီဖုန်းအင်တာဗျူးထဲမှာ အတည်ပြုပြောကြားပါတယ်။

သံတမန်ရေးရပ်တည်မှုနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့ တခြားနိုင်ငံတွေနဲ့အတူ အစည်းအဝေးတွေမှာ ပြောဆိုခွင့်ရှိသူစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖြစ်မှာ မဟုတ်ဘူးလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

အထောက်အထားစိစစ်ရေး ကော်မတီအတွင်း ဆွေးနွေးမှုတွေကနေ ရလဒ်တချို့ကို စောင့်နေတုန်းပဲ လို့လည်း ဆိုပါတယ်။

အဆင့်မြင့်ဆွေးနွေးမှုအတွင်းမှာ မြန်မာနိုင်ငံရဲ့နေရာကို အလွတ်ထားမလား ဆိုတာကိုတော့ အတည်ပြုပြောဆိုခြင်းမရှိပေမယ့် လူသိရှင်ကြား အသက်အန္တရာယ် ခြိမ်းခြောက်မှုကြုံခဲ့ရတဲ့ ဦးကျော်မိုးထွန်းက သူ့လုံခြုံရေးက အခု အဆင်ပြေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားပြုမှု ကံကြမ္မာနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ  အနည်းဆုံး နို၀င်ဘာလအထိ အချိန်ဆိုင်းထားနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ 

ကိုယ်စားလှယ်ခန့်အပ်ခြင်းဆိုင်ရာ အငြင်းပွားမှု ရှိနေရင် အထွေထွေညီလာခံစည်းမျဉ်းတွေနဲ့ အညီ ကိုယ်စားလှယ်စိစစ်ရွေးချယ်ခန့်အပ်ခြင်းအဖွဲ့က ဆုံးဖြတ်ချက်တစုံတရာ ချပြီးလို့ အထွေထွေညီလာခံက အတည်ပြုလိုက်တဲ့အချိန်အထိ လက်ရှိကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ သူ့နေရာမှာပဲ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ ဥရောပမဟာမိတ်တွေဟာ စစ်ကောင်စီဘက်ကို စာနာတဲ့နိုင်ငံတခုခုကနေ နိုဝင်ဘာလမှာပြုလုပ်မယ့် ပထမဆုံး အစည်းအဝေးမတိုင်မီ ဒီကိစ္စကို Credential Committee ထံ  တင်ပြအယူခံဝင်မှာကို စိုးရိမ်ခဲ့ကြတာပါ။

သူတို့ဟာ မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်မှန်သမျှကို အတတ်နိုင်ဆုံးနှောင့်နှေးဖို့ မျှော်လင့်ထားပြီး မြန်မာနိုင်ငံရဲ့လက်ရှိသံအမတ်ကြီးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်နေရာအတွက် သူ့ရဲ့အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်တာပါ။

လက်ရှိအခြေအနေကို တတ်နိုင်သလောက်ထိန်းထားဖို့ စိတ်ဝင်စားတယ်လို့လည်း ဆွေးနွေးပွဲတွေမှာပါဝင်နေတဲ့ သံတမန်တစ်ဦးက ပြောပါတယ်။

မြန်မာပြည်သူလူထုကတော့  မြန်မာနိုင်ငံရဲ့  ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် လက်ရှိသံအမတ်ကြီးကျော်မိုးထွန်းကို ထောက်ခံတဲ့အကြောင်း အွန်လိုင်းကနေ လက်မှတ်ကောက်ခံလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေက လည်း ကမ္ဘာတဝန်းမှာ NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲတွေ  ပြုလုပ် နေကြပါတယ်။

Photo- UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013