
ပါကစ္စတန်က အမျိုးသမီးတွေရဲ့ ၃ ရာခိုင်နှုန်း မပြည့်တဲ့ အရေအတွက်လောက်ပဲ အဆင့်မြင့်ပညာရေးကို သင်ကြားခွင့်ရရှိကြပါတယ်။
မူလတန်းပညာရေး ပြီးပြီဆိုရင် အမျိုးသမီးတွေရဲ့ ကျောင်းတက်နှုန်းက အများကြီး ထိုးကျသွားတော့တာပါပဲ။
အလီဇာ ဘရိုဟီကတော့ အဲဒါကို မိန်းကလေးတွေအတွက် အခမဲ့ကျောင်းတကျောင်း ထောင်ပြီး ပြောင်းလဲပစ်ဖို့ တတ်နိုင်သလောက် လုပ်နေပါတယ်။
ဆင်းပြည်နယ် ကရာချိ ပြင်ပက ရွာတရွာမှာ ရှိတဲ့ ကျောင်းကလေးမှာ ၂၄ နှစ်ရှိပြီဖြစ်တဲ့ အလီဇာ ဘရိုဟီက လွန်ခဲ့တဲ့ ၄ နှစ်ကစပြီး စာသင်ကြားပေးခဲ့တာပါ။
ပထမတော့ သူ့မိသားစုက အိမ်ဖော်တွေ၊ ဒရိုင်ဘာတွေနဲ့ ကလေးထိန်းတွေရဲ့ ကလေးတွေကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
အခုတော့ သူက “အနာဂတ်ကို ကယ်တင်ခြင်း” ဆိုတဲ့ အခမဲ့ကျောင်းကလေးကို အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိရှိတဲ့ မိန်းကလေး ၁၀၀ ကျော်နဲ့ သင်ကြားမှုကို လုပ်နေပါတယ်။
ကျောင်းက ပါကစ္စတန် ဆင်းပြည်နယ်ထဲက အိုင်ဒိုဂို့သ် ရွာကလေးမှာ တည်ရှိပါတယ်။ ဒါပေမယ့် ပထမတော့ မိဘတွေက သူတို့ရဲ့ကလေးတွေကို အလီဇာ ဘရိုဟီဆီ လွှတ်ပေးဖို့ စည်းရုံးသိမ်းသွင်းရတာ ခက်ခဲပါတယ်။
အလီဇာ ဘရိုဟီက “တကယ်လို့များ တယောက်ယောက်က မိန်းကလေးတွေအတွက် အခမဲ့ပညာရေးကို ပေးပြီဆိုရင် သူတို့က ဒီမှာတော့ တခုခုမှားနေပြီဆိုပြီး သံသယ၀င် လာတော့တာပါပဲရှင်။ ဒါကြောင့် အစပိုင်းမှာ စာသင်ကြတဲ့ မိန်းကလေး ၂၅ ယောက်က မလာကြတော့ဘူး” လို့ ဆိုပါတယ်။
ကျောင်းနဲ့ ပတ်သက်ပြီး ကာလာဟလတွေ အများကြီး ပြောခဲ့ကြတယ်လို့ အဲဒီကျောင်းမှာ ပညာသင်ကြားနေတဲ့ သမီး ၂ ယောက်ရဲ့ မိခင် ဆူဂရာ ဘီဘီက ပြောပါတယ်။
“ကျမတို့ရွာက လူတွေက အဲဒီမှာကလေးတွေ ပျောက်လိမ့်မယ် တယောက်ယောက်က သူတို့ကို ပြန်ပေးဆွဲလိမ့်မယ်လို့ ပြောကြတယ်ရှင့်။ ကျမက သူတို့ကို မယုံပါဘူး။ ဒါပေမယ့် ကျမက ကျမ ယောက်ျားကို ကျမကလေးတွေ ပညာသင်တာကို ကျမလိုလားတယ်လို့ ပြောခဲ့ပါတယ်။ ကျမက သူတို့တွေ ကျောင်းသွားတာကို ပိတ်ပင်မှာ မဟုတ်ပါဘူး။”
မိဘတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းလွှတ်ဖို့ လူတွေကို စည်းရုံးသိမ်းသွင်းတာမှာ အထောက်အကူဖြစ်စေဖို့ အဘွားအို မိုင်မာယမ်ကို အကူအညီ တောင်းခဲ့ပါတယ်။
မိုင်မာယမ်က “ကျမက သူတို့ကို ဒီမှာ အားလုံး အခမဲ့ချည်းပဲလို့ ပြောခဲ့တာပေါ့။ ကျမတို့ အလီဇာနဲ့အတူ တအိမ်တက်ဆင်း သွားခဲ့ကြတာပေါ့ရှင်။ အခုတော့ ဘုရားသခင် ဂုဏ် ကျေးဇူးကြောင့် ဒီမှာ ကလေးတွေ အများကြီး စာလာသင်နေကြပြီ” လို့ ပြောပါတယ်။
အသက် ၁၀ နှစ်အရွယ် ကျောင်းသူ ရှာဟင်းကတော့ သူ့မိဘတွေက ငွေကြေး မတတ်နိုင်တဲ့အတွက် အရင်က ကျောင်းမသွားခဲ့ရပါဘူးလို့ ဆိုပါတယ်။
“ဒီမှာရှိတဲ့ ၀န်ထမ်းတွေနဲ့ ပတ်ဝန်းကျင်က တကယ်ပဲ ကောင်းပါတယ်ရှင်။ ကျမက ဒီထက် ပိုပြီးသင်ယူချင်ပါတယ်။ နောက် ပုလိပ် စစ်ဆေးရေး အရာရှိတယောက် ဖြစ်ချင်ပါတယ်။”
ပါကစ္စတန် လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာအရ မိန်းကလေး ပညာရေးကို အားပေးလေ့ မရှိပါဘူး။ ကျေးလက်ဒေသတွေမှာ မိန်းကလေးတွေဟာ အသက် ၁၅ နှစ်အောက်မှာပဲ လက်ထပ်သွားကြတာ များပါတယ်။
ပါကစ္စတန်မှာ အမျိုးသမီးတွေရဲ့ ၃ ရာခိုင်နှုန်း မပြည့်တဲ့ အရေအတွက်လောက်ပဲ အဆင့်မြင့် ပညာရေးကို သင်ကြားခွင့် ရရှိကြပါတယ်။ မူလတန်း ပညာရေး ပြီးပြီဆိုရင် အမျိုးသမီးတွေရဲ့ ကျောင်းတက်နှုန်းက အများကြီး ထိုးကျသွားပါတယ်။
ကျောင်းကို တည်ထောင်ဖို့ ရန်ပုံငွေကို အလီဇာဟာ သူမရဲ့ အဖေဆီက ရခဲ့တာပါ။
အကြီးဆုံး နိုင်ငံပိုင်သံမဏိ စက်ရုံကြီးရဲ့ ဒါရိုက်တာဟောင်း အက်ဘ်ဒူ ရာဇတ်က “ကျနော့်ရွာမှာ တွေ့ရတာကတော့ အမျိုးသမီးတွေဟာ သိပ်အားနည်းတဲ့ အနေအထားပဲဗျ။ ယောက်ျားတွေကတော့ သူတို့ ကိုယ်သူတို့ ဂုဏ်ရှိတယ်။ ရဲရင့်တယ်လို့ ထင်ကြတာပါပဲ။ ဒါပေမယ့် ကျနော်က သူတို့ကို ခင်ဗျားတို့ ဘယ်က မွေးလာတာလဲလို့ မေးလိုက်တယ်။ ကျနော်က သူတို့ကို သူတို့သားတွေလိုပဲ သမီးတွေကို ချစ်ကြဖို့ လေးစားမှု ရှိကြဖို့ ပြောပြခဲ့ပါတယ်။ ဒီမိန်းကလေးငယ်လေးတွေဟာ နိုင်ငံရဲ့ မိခင်တွေဖြစ်လာကြမှာပဲ”လို့ ပြောပါတယ်။
အလီဇာကလည်း လူမှုမီဒီယာတွေကနေ ရန်ပုံငွေ စုဆောင်းရရှိရေးကို စပြီးဆောင်ရွက်နေပါတယ်။ သူ့ကို ကူညီနေတဲ့သူတယောက်ကတော့ နိုင်ငံတကာ ပုဂ္ဂလိက လုပ်ငန်းဗဟိုဌာနရဲ့ ဒုတိယဒေသ ဒါရိုက်တာ ဖြစ်တဲ့ ဟာမက် ဆစ်ဒီကီ ဖြစ်ပါတယ်။
ဟာမက် ဆစ်ဒီကီက “၉၀ ကျော်လောက်ရှိတဲ့ မိန်းကလေးတွေကို ကျနော်တို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ လူမှုမီဒီယာကွန်ရက် အမျိုးမျိုးကနေ ထောက်ပံ့ တာဝန်ယူပေးထားပါတယ်။ ဒါတွေအားလုံးရဲ့ အလှတရားကတော့ ကျနော်တို့ တခါမှ မတွေ့ဖူးခဲ့တဲ့၊ မသိခဲ့တဲ့ လူတွေ ရရှိလာတာပါပဲ။ ဒါပေမယ့် အဲဒီမြင့်မြတ်တဲ့ အကြောင်းတရားကြောင့် သူတို့တွေ ရှေ့ထွက် လှူဒါန်းလာကြတာပါ” လို့ ဆိုပါတယ်။
အလီဇာအတွက်ကတော့ အဲဒီကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပေးဖို့ဟာ သူ့ရဲ့ ထိပ်တန်းဦးစားပေး ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျမတို့က သူတို့ကို ပြုစုပျိုးထောင်ပေးချင်တာပါ။ ကျောင်းကို ၀င်ရောက်မလာခင်က သူတို့ အတော်များများဟာ လမ်းမှာ တောင်းစားနေတာ၊ အိမ်စေ ဒါမှမဟုတ် လမ်းတွေ ပေါ်မှာ တချိန်လုံး ဆော့ကစားနေကြတဲ့ သူတွေပါပဲ။ သူတို့ဟာ မတော်မတရားပြုမှုမျိုးစုံကို ခံစားခဲ့ကြရသူတွေပါပဲ။ ကျမတို့က သူတို့ကို ပတ်ဝန်းကျင်ကောင်းတခုကို ပေးအပ်ထားပြီး သူတို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ မိဘတွေနဲ့ မတူဘဲ တောက်ပတဲ့ အနာဂတ်တခု ရှိနေနိုင်တယ်ဆိုတာကို ယုံကြည်လာအောင် လုပ်ပေးပါတယ်။”
အာရှဒေသ သတင်းဆောင်းပါးအတွက် ပါကစ္စတန် ဆင်းပြည်နယ်က ရှာဒီခန် ဆိုင်အိဖ် က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။











