DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်သမားအခွင့်အရေး တောင်းဆို
DVB
·
December 18, 2013
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်သမားအခွင့်အရေး တောင်းဆို
Donate to DVB

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ စုပေါင်းပြီး အလုပ်သမားအခွင့်အရေး ရရှိရေး ချီတက်တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ မြန်မာ အလုပ်သမားတွေက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ် ချီတက်ပွဲ ကျင်းပခဲ့ပြီး အလုပ်သမားတွေရဲ့ လိုလားချက်တွေကို မဟာချိုင် အုပ်ချုပ်ရေးမှူးဆီ တင်ပြတောင်းဆိုခဲ့ပါတယ်။

DSCF3950တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“မြန်မာအလုပ်သမားရော၊ ထိုင်းအလုပ်သမားတွေပါ လူသားချင်းအတူတူ ဖြစ်တဲ့အတွက် အခွင့်အရေးတွေကို တန်းတူညီမျှ ရရှိဖို့ ထပ်မံတောင်းဆိုပါတယ်။ တရားဝင် အလုပ်သမားတွေ ဟာ အခွင့်အရေးမရတဲ့အပြင် အာဏာပိုင်အဖွဲ့အစည်းတွေက နည်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ ငွေညှစ်တောင်းခံတာတွေရှိတဲ့အတွက် ၀ိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းပေးဖို့ တောင်းဆိုပါတယ်။”

ငါးဖမ်းလုပ်ငန်းနဲ့ အိမ်ဖော်လုပ်ငန်းက အလုပ်သမားတွေကို တခြား အလုပ်သမားတွေနဲ့ တန်းတူ အလုပ်သမားဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့၊ မြန်မာအလုပ်သမားတွေအနေနဲ့ သူတို့ ကျွမ်းကျင်တဲ့ပညာနဲ့ ထိုက်တန်တဲ့ လုပ်ငန်းမှာ လုပ်ကိုင်ခွင့်ရရေး၊ အမိမြေမှာ ပြန်ပြီး လုပ်ကိုင်လိုတဲ့ အလုပ်သမားတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်ရရှိရေး၊ မူဝါဒချမှတ်ပေးရေးတွေလည်း တောင်းဆိုခဲ့ကြပါတယ်။

မဟာချိုင် ရွှေ့ပြောင်းအလုပ်သမားနေ့ ချီတက်ပွဲကို ထိုင်းအလုပ်သမားသမဂ္ဂ၊ မြန်မာ အလုပ်သမားတွေ၊ အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့ ၇ ဖွဲ့အပါအ၀င် စုစုပေါင်း ၂၀၀ ကျော် ချီတက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား ကိုယ်စားလှယ် ၅၀ ကျော်ကလည်း ဒီနေ့မနက်က ခရိုင်အစိုးရရုံးကို သွားရောက်ပြီး အလုပ်သမားရပိုင်ခွင့်တွေ တောင်းဆိုခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ နန်းဆိုင်ငင်းက ဒီဗွီဘီကို ပြောပါတယ်။

“လက်မှတ်လုပ်ကြေးတွေ လျှော့ချပေးဖို့၊ ပွဲစားတွေမရှိဖို့၊ ကျန်းမာရေး အာမခံကိစ္စ၊ လူမှုဖူလှုံရေး ကိစ္စတွေမှာ အလုပ်သမားတိုင်း တန်းတူလုပ်ခွင့်ရဖို့၊ အမ်အိုယူ (နှစ်နိုင်ငံသဘောတူညီချက်) နဲ့ လာတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ပြောင်းတဲ့အခါမှာ ပိုပြီးလွယ်ကူစေမယ့် နည်းလမ်းတွေ အလုပ်ရှင် ရှာဖွေပေးဖို့ တောင်းဆိုကြပါတယ်။”

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ခရိုင်ဝန်ကိုယ်စား လက်ထောက်ခရိုင်ဝင်က လာရောက်လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။

ချင်းမိုင်ရောက် မြန်မာအလုပ်သမားတွေဟာ ဒီညနေပိုင်းမှာလည်း ၀ပ်ကူတောက် ဘုန်းကြီးကျောင်းမှာ မက်ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပမယ့် ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

နှစ်စဉ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ္ဂညီလာခံက လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက သတ်မှတ်ပေးခဲ့တာပါ။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သန်းလောက် ရွှေ့ပြောင်းဝင်ရောက် လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013