DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု ၁၀ နှစ်အတွင်း အမြင့်ဆုံးတိုးလာ
DVB
·
December 18, 2013
မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု ၁၀ နှစ်အတွင်း အမြင့်ဆုံးတိုးလာ
1 / 2
Donate to DVB

ဘိန်းစိုက်ပျိုးမှု နှိမ်နင်းပေမယ့် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံးတိုးတက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) က ထုတ်ပြန်လိုက်ပါတယ်။

ops2013ရွှေတြိဂံဒေသရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို စစ်တမ်းပြုစုပြီး ဒီဇင်ဘာ ၁၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်း အစီရင်ခံစာမှာ ခုလို ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၂ ခုနှစ်က ဟက်တာ ၅၁၀၀၀ ရှိရာက ၂၀၁၃ မှာ ဟက်တာ ၅၇၈၀၀ ထိ ၁၃ ရာခိုင်နှုန်း တိုးလာတယ်လို့ စစ်တမ်းကဆိုပါတယ်။

ဘိန်းထုတ်လုပ်မှုဟာလည်း ၂၀၁၃ ခုနှစ်မှာ ၂၆ ရာခိုင်နှုန်း၊ တန်ချိန် ၈၇၀ လောက် ပိုထွက်ခဲ့ပြီး ဒါဟာ ယူအန်အိုဒီစီ နဲ့ မြန်မာအစိုးရ သဘောတူညီချက် ရယူခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၁၁ နှစ်အတွင်း အမြင့်ဆုံး ထုတ်လုပ်မှု ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်း၊ လာအို၊ မြန်မာနယ်စပ်က ရွှေတြိဂံဒေသ ဘိန်းစိုက်ပျိုးမှုဟာ ၇ နှစ်ဆက်တိုက် မြင့်တက်ခဲ့သလို ၂၀၁၃ ခုနှစ်မှာ လာအိုနဲ့ မြန်မာက ကမ္ဘာ့မူးယစ်ဆေးထုတ်လုပ်မှုရဲ့ ၁၈ ရာခိုင်နှုန်း၊ ၈၉၃ တန်ထုတ်လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကထက် ၂၂ ရာခိုင်နှုန်းနဲ့ ၂၀၀၅ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ တန်ချိန် ၃၂၆တန်ထက် ၂.၇ ဆ တိုးမြှင့် ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိန်းဂဏန်းတွေဟာ ဘိန်းစိုက်ပျိုးတဲ့အခြေခံ အကြောင်းရင်းတွေနဲ့ ဘိန်းအစားထိုး စိုက်ပျိုးရေးကိစ္စတွေ အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ လိုနေကြောင်း ရှင်းရှင်း လင်းလင်း ပြသလိုက်တာလို့ UNODCရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီဒေါက်ဂလပ်စ်က ပြောပါတယ်။

ရွှေတြိဂံဒေသဟာ မဲခေါင်ဒေသရဲ့ ပထ၀ီအနေ အထားအရ ဗဟိုကျတဲ့နေရာ ဖြစ်သလို အရှေ့တောင်အာရှ တရားမ၀င် မူးယစ်ဆေးကုန်သွယ်မှုတွေက အကျိုးအမြတ်ရရှိထားတဲ့ ဒုစရိုက် ကွန်ရက်တွေက ဒေသတွင်း ပေါင်းစည်းမှုကို အကျိုးအမြတ်အဖြစ် အသုံးချနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရဲမှူးချုပ်ဝင်းခေါင်ကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်နဲ့ တိုးမြှင့်လုပ်ဆောင်နေသလို ဖမ်းဆီးရမိတာကလည်း များနေပြီး ဘိန်းခင်း ဖျက်ဆီးတာတွေကိုလည်း အင်နဲ့အားနဲ့ လုပ်ဆောင်နေပေမယ့် အစိုးရ လက်လှမ်းမမီတဲ့ နေရာတွေမှာ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“တိုးပွားလာတယ်လို့ ပြောနေတဲ့ ဥစ္စာကတော့ နိုင်ငံတော်အစိုးရ လက်လှမ်းမမီတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ အစွန်အဖျား ဒေသတွေမှာ ဘိန်းခင်းစိုက်ပျိုးမှုတွေ ဘိန်းလုပ်ငန်းတွေက တော်တော်များများကို ရှိနေဆဲဖြစ်တယ်။ ဒါတွေကြောင့်မို့ ကျနော်တို့က တားဆီးနှိမ်နင်းရေးမှာ အရင်တုန်းကလို တနိုင်ငံတည်း ဆောင်ရွက်တာမဟုတ်ဘဲ ယူအန်အိုဒီစီ က ပုဂ္ဂိုလ်တွေလည်း ပူးပေါင်းဆောင်ရွက်တယ်။ အခြား ပြည်ပက မိတ်ဘက်အဖွဲ့အစည်း တွေနဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေ ရှိပြီး ဘက်ပေါင်းစုံက တိုက်ဖျက်ရေးတွေကိုလည်း ပြုလုပ်ပါတယ်။”

မြန်မာနဲ့ လာအိုနိုင်ငံတွေမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာနေသလို ဘိန်းနဲ့ ဘိန်းဖြူ သုံးစွဲမှုတွေကလည်း မြင့်မားနေတယ်လို့ ယူအန်အိုဒီစီက ဆိုထားပါတယ်။

၁၉၇၀ လောက်မှာ မြန်မာကို ဘိန်းဖြူ စရောက်ပြီး သုံးစွဲသူများခဲ့သလို ၁၉၈၀-၈၈ ကာလမှာ ဘိန်းဖြူအန္တရာယ်တော်တော်များပေမယ့် နောက်ပိုင်း အသုံးပြုမှု နည်းသွားကြောင်း၊ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာတော့ စိတ်ကြွရှုးသွပ်ဆေးပြား သုံးစွဲသူတွေ ပိုများလာကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းရဲ့ စီမံကိန်း အကြံပေး ဒေါက်တာ မောင်မောင်လွင်က ပြောပါတယ်။

“အခု ဒီနှစ်ပိုင်းမှာ အပွင့်အလင်းဆုံးပြောရရင် လုပ်ငန်းအတွေ့အကြုံအရကော ကျနော်တို့တွေက ပြည်နယ်ဒေသတွေမှာ ရိပ်မွန်တွေ ဖွင့်ပြီး ဆောင်ရွက်နေတယ်။ အဲဒီအခါမှာ ဘာတွေ တွေ့လာလည်းဆိုတော့ ဘိန်းဖြူသုံးစွဲသူတွေကိုလည်း အခုနှစ်ပိုင်းမှာ ပြန်တွေ့လာရပါတယ်။ သတင်းစာ ဂျာနယ်တွေထဲမှာလည်း ဖမ်းဆီးရမိပြီး အရေးယူတဲ့ သတင်းတွေမှာ ဘိန်းဖြူ၊ စိတ်ကြွဆေး၊ ဆေးခြောက် စသဖြင့် ပြန်တွေ့လာရတယ်။ သုံးစွဲတဲ့သူလည်း ပြန်ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။”

အစာမလုံလောက်မှု၊ ဆင်းရဲမှုတွေနဲ့ ခြိမ်းခြောက်ခံနေရတဲ့ ရွှေတြိဂံဒေသက ရွာတွေအတွက် ဘိန်းကရတဲ့ ငွေကြေးဟာ လိုအပ်ချက် တခုဖြစ်တယ်ဆိုတာ စစ်တမ်း ကောက်ယူမှုအရ သိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာမှာတော့ အာဖဂန် နစ္စတန် ပြီးရင် ဒုတိယအများဆုံးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013