DVB Logo
Home
မြန်မာသတင်း
လေယာဉ်နှင့်အပိုပစ္စည်းများဝယ်ယူရာတွင် လေတပ်ဦးစီးချုပ်၏မိသားစု ကိုယ်ကျိုးစီးပွား ပတ်သက်နေ
DVB
·
September 13, 2021
လေယာဉ်နှင့်အပိုပစ္စည်းများဝယ်ယူရာတွင် လေတပ်ဦးစီးချုပ်၏မိသားစု ကိုယ်ကျိုးစီးပွား ပတ်သက်နေ
1 / 8
Donate to DVB

အကြမ်းဖက် စစ်ကောင်စီလေတပ်အတွက် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ ဆက်စပ် အပိုပစ္စည်းတွေဝယ်ယူရာမှာ ကာကွယ်ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ မိသားစုဝင်တွေ ကိုယ်ကျိုးစီးပွားအရ ပါဝင်ပတ်သက်နေတယ်လို့ ရိုက်တာရဲ့ စုံစမ်းထောက်လှမ်း သတင်းကို ကိုးကားပြီး Justice For Myanmar  အဖွဲ့က စက်တင်ဘာ ၁၂ ရက်မှာ  ထုတ်ပြန်ပါတယ်။

လေတပ်အသုံးစရိတ်ရဲ့ ပမာဏအတော်များများဟာ လေယာဉ်သစ်တွေဝယ်ဖို့သာမဟုတ်ဘဲ၊ လက်ရှိ မော်ဒယ်ကနေ အသစ်လဲဖို့ လေယာဉ်နဲ့ တခြားဆက်စပ်တဲ့ ကိရိယာတန်ဆာပလာတွေ ဝယ်ဖို့လည်းပါဝင်တဲ့အကြောင်း၊ ၂၀၂၀ ဘဏ္ဍာနှစ်မှာ လေတပ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၇၇ သန်းရဲ့ သုံးပုံ ၁ ပုံဟာ လေယာဉ် အပိုပစ္စည်းတွေနဲ့ ပြင်ဆင်စရိတ်အတွက်သုံး စွဲတာဖြစ်တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။

လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ စင်ကာပူမှာ အခြေစိုက်နေထိုင်တဲ့ သူ့ရဲ့ တူနဲ့ တူမတွေဖြစ်တဲ့ လင်းထက်နဲ့ မွန်ရီတို့ဟာ မြန်မာနိုင်ငံရဲ့ လေကြောင်း ကဏ္ဍမှာ အကြံဉာဏ်တွေပေးတာ၊ လေယာဉ်အပိုပစ္စည်းတွေဝယ်ယူတာ၊ လေယာဉ်ငှားရမ်းမှုနဲ့ ပြုပြင်ထိမ်းသိမ်းမှုတွေနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို မိသားစု စီးပွားရေးအဖြစ် လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ 

လင်းထက်ဟာ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြာင်းလိုင်း (MNA) ရဲ့ ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်သလို အမေရိကန်လေကြောင်းလုပ်ငန်း  Bell and Cessna   ရဲ့ မြန်မာပြည်ဆိုင်ရာကိုယ် စားလှယ်လည်း ဖြစ်ပါတယ်။

လင်းထက်ဟာ  ဂျော်ဒန်ကနေ C295 သယ်ယူပို့ဆောင်ရေးလေယာဉ် ဝယ်ယူရာမှာ ပါဝင်ပတ်သတ်ခဲ့တယ်လို့  လေတပ်ကန်ထရိုက်တာ Aero Sofi  ကနေ ပေါက်ကြားလာတဲ့ လျှို့ဝှက်မှတ်တမ်းတွေ အရ   ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Justice For Myanmar   က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ပြီးခဲ့တဲ့ မေလကလည်း ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံရဲ့ အကြီးမားဆုံးရဟတ်ယာဉ်ပြပွဲ (HeliRussia) ကိုလည်းတက်ရောက်ခဲ့တဲ့ အကြောင်း The Moscow Times သတင်းစာကရေးသားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ကျော်ထင်ရဲ့ သားဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလက စလို့ လေတပ်ကာကွယ်ရေးဦးစီးချုပ် အဖြစ်စတင်တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင် ၁ ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင်စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ  စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်မိသားစုတွေအတွက်တော့ လက်နက်ရောင်းဝယ်မှုအပါအဝင် စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်လာနေတယ်လို့ Justice For Myanmar  က ဆိုပါတယ်။

ဒါကြောင့် လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ရဲ့ မိသားစုအပါအဝင် မြန်မာအာဏာသိမ်းစစ်ကောင်စီဝင်တွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် သူတို့နဲ့ ပတ်သက် ဆက်နွှယ်သူတွေကိုပါ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့တားဆီးမှုတွေနဲ့ ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့  Justice For Myanmar   တောင်းဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်တွေ ခိုးထားတဲ့ပိုင်ဆိုင်မှုတွေ  ပြည်သူလူထုပြန်ရလည်ရရှိရေးနဲ့  ကိုယ်ကျိုးရှာစစ်တပ်အမြတ်ကြီးစားတွေ ဖြိုချရေးလည်း တိုက်တွန်းတောင်းဆိုပါတယ်။

Justice For Myanmar အဖွဲ့နဲ့ ရိုက်တာသတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး လေတပ်စစ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ သူ့မိသားစုတွေ ဘက်ကတော့ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။

Photo Credit- Reuters/Justice For Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013