DVB Logo
Home
မြန်မာသတင်း
ဗုံးသံသယဖြင့် ဖမ်းထားသူကို ကေအန်ယူ တွေ့ဆုံမေးမြန်း
DVB
·
December 18, 2013
ဗုံးသံသယဖြင့် ဖမ်းထားသူကို ကေအန်ယူ တွေ့ဆုံမေးမြန်း
Donate to DVB

တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စောထွန်းထွန်းကို သွားရောက် တွေ့ဆုံပြီး အမှုနဲ့ပတ်သက်တာတွေ မေးမြန်းခဲ့ပါတယ်။

TaungNguBombချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စောထွန်းထွန်းက ၀န်ခံထွက်ဆိုခဲ့တဲ့အပေါ် အစိုးရနဲ့ ကေအန်ယူ တာဝန်ရှိသူတွေ တောင်ငူမြို့မရဲစခန်းကို ဒီဇင်ဘာ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။

စောထွန်းထွန်းကို ကေအန်ယူက ခေါ်ယူမေးမြန်းစစ်က ၀န်ခံခြင်း မရှိဘဲ အစိုးရ တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းတဲ့အခါမှသာ ၀န်ခံ ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့် သွားရောက် မေးမြန်းရတာလို့ ကေအန်ယူ ခေါင်းဆောင် စောရော်ဂျာခင်က ပြောပါတယ်။

“ကျနော်တို့ သွားမေးတာတော့ သူနဲ့ ပတ်သက်မှု မရှိဘူးတဲ့။ အခု ပြန်လာတဲ့အခါမှာ ပတ်သက်မှု ရှိတဲ့အကြောင်း သိရတဲ့အခါမှာ ကျနော်တို့ ကော်မတီအနေနဲ့ ကျနော်တို့ လာတွေ့သင့်တယ် သေချာအောင်၊ အဲဒါကြောင့် သွားတွေ့တယ်။ ၂၀ ရက်နေ့မှာ ဗဟိုအလုပ်မှုဆောင်တွေ တွေ့မယ်။ ထွန်းထွန်းဝင်းနဲ့ ပတ်သက်တာကို ဗဟိုအလုပ် အမှုဆောင်တွေကို ပြန်တင်ပြမယ်။ ပြီးရင် တဆင့်ပြီးတဆင့် ဆက်သွားဖို့ရှိတယ်။”

ကေအန်ယူဘက်က ဗဟိုအလုပ်မှုဆောင် စောရော်ဂျာခင်၊ ဗဟိုကော်မတီဝင် တရားရေးဌာန တာဝန်ခံ စောအယ်ကလိုစေးနဲ့ ကေအန်ယူ တပ်မဟာ ၇ က ဒုတပ်မဟာမှူး စောဖောဒိုတို့ တက်ရောက်ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြ၀င်း၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှုးကြီး သန်းထွန်းတို့က အမှုဖြစ်စဉ်နဲ့ ပက်သက်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

စောထွန်းထွန်းကို စစ်ဆေးရာမှာ နှိပ်စက်ခဲ့ခြင်း မရှိကြောင်း၊ သူ့ဘာသာဖြောင့်ချက်ပေးခဲ့တာလို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ဆိုပါတယ်။

“နှိပ်စက်တာတွေ ဘာတွေ မလုပ်တော့ဘူး။ ဟိုးအရင်ခေတ်ကလို မရှိတော့ဘူး။ စောထွန်းထွန်းနဲ့ တွေ့တဲ့အခါမှာ ဗုံးပေါက်ကွဲတဲ့ ပုံတွေ ပြတော့ သူစိတ်ထိခိုက်သွားတယ်။ ဒါကို မြင်တဲ့အခါမှာ သူ့ကြောင့် ဒီလိုဖြစ်သွားတဲ့အတွက် စိတ်ထိခိုက်သွားတယ်။ ဒါကြောင့် သူက ထွက်ဆိုချက်တွေပြောတယ်။ သူလုပ်တာလည်း မဟုတ်ဘူး။ ထားပေးပါဆိုလို့ သွားတာ။”

စောထွန်းထွန်းဟာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အဲဒီချမ်းမြေ့တည်းခိုခန်းက ပေါက်ကွဲမှု ဖြစ်စဉ်ကို ပြန်လည်သရုပ်ပြခဲ့ပြီး နေ့လယ်ပိုင်းမှာ တောင်ငူမြို့နယ် တရားရုံးမှာ ဖြောင့်ချက်ပေး ထပ်မံထွက်ဆိုခဲ့တာပါ။

“စောအဲဝါးနဲ့ လမ်းမှာတွေ့ပါတယ်။ စောအဲဝါးက ၄င်းကို ထောင်ခြောက်မိုင်းထည့်ထားတဲ့ အဖြူရောင် သားရေအိတ်တလုံးနဲ့ လမ်းစရိတ်ငွေ ၂ သောင်းကို ပေးခဲ့ပါတယ်။ အဲဒီအိတ်ကို မြို့တမြို့မှာ ထားခဲ့ပါလို့ မှာကြားလိုက်ပါတယ်” လို့ စောထွန်းထွန်းက ထွက်ဆိုခဲ့ကြောင်း ရဲမှူးချုပ် ဦ၀င်းခေါင်က ဆိုပါတယ်။

စောထွန်းထွန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ ချမ်းမြေ့တည်းခိုခန်းကို သွားရောက်တည်းခိုခဲ့ပြီး နောက်တနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာ ဗုံးပါတဲ့ ပိုက်ဆံအိတ်ကို ကုတင်ခေါင်းရင်းက ဘောင်ပေါ် တင်ထားပြီး လိုက်ကာနဲ့ ကာခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

အဲဒီပေါက်ကွဲမှုမှာ လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တည်းခိုခန်းအတွင်း အခန်း နံရံ၊ မျက်နာကျက်၊ ခေါင်မိုးတွေလည်း ပျက်စီးခဲ့ပါတယ်။ စောထွန်းထွန်းကို တောင်ငူမြို့မ ရဲစခန်းမှာ ပေါက်ကွဲစေတတ်သော အရာဝထ္ထုများ အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့် တရားစွဲဆို အရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013