DVB Logo
Home
မြန်မာသတင်း
ဘောလုံးပွဲအပြီး ပဋိပက္ခ နှိမ်နင်းမှုတွင် သတင်းထောက်များ ပစ်မှတ်ထားခံရ
DVB
·
December 17, 2013
ဘောလုံးပွဲအပြီး ပဋိပက္ခ နှိမ်နင်းမှုတွင် သတင်းထောက်များ ပစ်မှတ်ထားခံရ
Donate to DVB

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မနေ့ညက ကန်တဲ့ မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲအပြီး မြန်မာအသင်း ရှုံးနိမ့်ခဲ့မှုအပေါ် ပေါက်ကွဲခဲ့တဲ့ ပရိသတ်တွေကို ရဲလုံခြုံရေး တပ်ဖွဲ့တွေက ဖြိုခွင်းတဲ့နေရာမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေပါ ကြားညပ်နှိမ်နင်းခံ ရတာ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။

t11-622x411ဘောလုံးပွဲအပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတဲ့ ပရိသတ်တွေရဲ့ အခြေအနေ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ရေပိုက်နဲ့ ထိုးတာ၊ ကင်မရာတွေ လုယူတာ စတဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့သလို ဟစ်တိုင်ဂျာနယ်က သတင်းထောက် ကိုအောင်ခန့်ကိုလည်း သင်္ကန်းကျွန်း ရဲစခန်းက ဖမ်းဆီးထားပါတယ်။

ပြီးခဲ့ညက ဖြစ်ပျက်ခဲ့တဲ့ အခြေနေနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားရာနေရာမှာ ရောက်ရှိနေခဲ့တဲ့ ဟစ်တိုင်ဂျာနယ် သတင်းအယ်ဒီတာ ကိုသီဟက ခုလို ပြောပါတယ်။

“မနေ့ညက သုဝဏ္ဏမီးပွိုင့်ထောင့်မှာ အင်္ကျီတွေ မီးရှို့တယ်။ စရှို့တဲ့အချိန်မှာ ကျနော်တို့က သတင်းတွေ ယူနေတယ်။ မီဒီယာအုပ်စုတွေ စုပြီး သတင်းယူနေတဲ့အချိန်မှာ လုံထိန်းတွေ ရောက်လာပြီး မီးသတ်ပိုက်နဲ့ ပက်တယ်။ နောက်ကနေ ညာသံပေးပြီး လိုက်ရိုက်တယ်။ လိုက်ဖမ်းတယ်။”

ဒီဗွီဘီက ဆက်သွယ်တဲ့ နေလယ်ပိုင်း အချိန်ထိ ဟစ်တိုင်ဂျာနယ်က ကိုအောင်ခန့်ကို အချုပ်က ထုတ်ယူနိုင်ခြင်း မရှိသေးဘူးလို့လည်း ကိုသီဟက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းမှူး ဦးသိန်းအောင်က ဖမ်းဆီး ထိန်းသိမ်းထားသူ ၉ ဦးရှိပြီး သတင်းထောက်တဦး ပါဝင်တယ်လို့ ဒီဗွီဘီကို အတည်ပြုပြောဆိုခဲ့သလို အခုချိန်ထိ တစုံတရာ စွဲဆိုတာတွေ မလုပ်ဆောင်ရသေးဘူးလို့ ပြောပါတယ်။

ရဲစခန်းကို ရောက်ရှိနေတဲ့ သတင်းထောက် ကိုအောင်ခန့်ရဲ့ အစ်မဖြစ်သူကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ည သတင်းသွားယူတာဖြစ်ပြီး သတင်းထောက်လို့ ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ကတ်ပြားထုတ်ပြချိန်မရအောင် ရဲတွေက ထွန်းထိုးဆွဲခေါ်ခဲ့တဲ့အတွက် သတင်းထောက်ကတ် ပျောက်ဆုံးသွားကြောင်း ကိုအောင်ခန့်နဲ့ ရဲစခန်းမှာ တွေ့ဆုံစဉ် ပြောတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ညက သတင်းရယူနေတဲ့ သတင်းသမားတွေဟာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခကို လုပ်ဆောင်နေတဲ့ လူအုပ်တွေအကြား ပိတ်မိနေခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးကတော့ ဘောလုံးပွဲကို အကြောင်းပြုပြီး သတင်းရယူနေတဲ့ သတင်းထောက်တွေကို ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားမယ်ဆိုရင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ သက်ဆိုင်ရာ စာပေအဖွဲ့အစည်းတွေက ပြန်လွှတ်ပေးအောင် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပရိသတ်တွေကို ဘယ်လို ညင်သာစွာ ကိုင်တွယ် ထိန်းသိမ်း မလဲဆိုတဲ့ မဟာဗျူဟာတွေ လုံခြုံရေး တပ်ဖွဲ့နဲ့ ပြည်သူ့ရဲတွေဆီမှာ ရှိထားသင့်သလို ဒီလို ဖြစ်ခဲ့ရတာဟာ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်လို့လည်း ဦးဇော်သက်ထွေးက ပြောပါတယ်။

“ပြဿနာဖြစ်ခါမှ စိတ်ကူးတည့်ရာ သွေးပူပြီးလုပ်တာထက်စာရင် ဘယ်လို လုပ်မယ်ဆိုတာ တာဝန်ရှိပုဂ္ဂိုလ်တွေက စီမံချက်ရေးဆွဲထားမှသာ ဒီလိုမျိုးရုပ်ဆိုးတဲ့ မြင်ကွင်းတွေ မမြင်ရမှာပဲ။ အခုတော့ ကျနော်တို့ တိုင်းပြည်မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုတွေ၊ နောက်ပြီးတော့ လာရောက် အားပေးတဲ့ လူထုအပေါ်မှာထားတဲ့ သဘောထားတွေဟာ လိုအပ်မှုတွေ ရှိနေတုန်းပဲဆိုတာ ပြသလိုက်ရာ ရောက်တယ်။ နောက်တခုက ဆီးဂိမ်းကျင်းပနေတုန်းမှာ ဒီလို ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်ခဲ့ရတာတွေ အားလုံးဟာ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်ဆိုတာ သက်သေပြရာ ရောက်နေပါတယ်။”

ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေက ဆီးဂိမ်း ပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုပွဲစဉ် (ခ) မှာ အိမ်ရှင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွားရပြီးတဲ့နောက် ပွဲကြည့်ပရိသတ်အချို့က မကျေမနပ် ပေါက်ကွဲခဲ့ကြပြီး မီးရှို့ဖျက်ဆီး ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013