DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေကို ရှမ်းမျိုးနွယ်စုများ ဆန္ဒပြမည်
DVB
·
December 17, 2013
ကေအိုင်အေကို ရှမ်းမျိုးနွယ်စုများ ဆန္ဒပြမည်
Donate to DVB

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ)ကို ရှမ်းမျိုးနွယ်စုတွေက သက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းခံပြီး ဆန္ဒပြသွားဖို့ စီစဉ်နေပါတယ်။

ကချင်ပြည်နယ်ထဲက ရှမ်းကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်တွေက တပ်သား အဓမ္မ စုဆောင်းမှုတွေ ရှိနေတဲ့အတွက် ဒါကို ရပ်တန့်အောင် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရတာလို့ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။

shaniအဲဒီ ဆန္ဒထုတ်ဖော်ပွဲကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ပြုလုပ်ဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ခွင့်ပြုချက် တောင်းထားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ နာယက အဖွဲ့ဝင် ဦးသာဇုံက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဒီကပေါ့လေ။ ဒီမှာ ၀ိုင်းလုပ်နေကြတဲ့ လူတွေကနေ အာဏာပိုင် အဖွဲ့အစည်းတွေဆီမှာ တရားဝင်စာ တင်ထားတာ ရှိပါတယ်။ ဒီဇင်ဘာ ၁၅ ရက် တုန်းက တင်ထားတာ။ သူတို့တော့ ၄၈ နာရီအတွင်း အကြောင်းကြားမယ် ပြောတာပဲ။ ခွင့်ပြုချက်ရရင် လာမယ့် ၂၀ နဲ့ ၂၁ ရက်နေ့ ပတ်ဝန်းကျင်မှာ လုပ်ကြမှာပါ။”

ခွင့်ပြုချက်ရခဲ့ရင်တော့ ပူတာအို၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးမောက်နဲ့ မံစီ အစရှိတဲ့ မြို့နယ်က ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ်အချို့ ထောင်နဲ့ချီ လာရောက်ပြီး မြစ်ကြီးနားမြို့က ကေအိုင်အို နည်းပညာထောက်ကူပြုအဖွဲ့ရုံးကို သွားရောက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ဆန္ဒပြရတဲ့အကြောင်းရင်းကို ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်းက အဓိကကတော့ အချက် ၂ ချက်လောက်ပါပဲ။ အခု လက်ရှိ ဒီဇင်ဘာလထဲ မံစီမြို့နယ်ထဲက လူ ၁၀၀ နီးပါး အဖမ်းခံထားရတဲ့ကိစ္စ၊ စစ်သားစုဆောင်းခြင်း ခံရတဲ့လူတွေ ပြန်လွှတ်ပေးဖို့၊ ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံနေတာကို နောက်နောင် မပြုလုပ်ဖို့ရယ်၊ ဒီလို အဖြစ်မျိုးတွေ မဖြစ်အောင် နှစ်ဖက်အဖွဲ့အစည်းတွေက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။”

ခုရက်ပိုင်းအတွင်း မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာအုပ်စုထဲက ရွာပေါင်း ၁၄ ရွာမှာ ၁ ရွာကို လူ ၅ ယောက်လာဖို့ ကေအိုင်အေက ဆင့်ခေါ်ထားပြီး ရွာသားတွေ မပို့နိုင်ရင် ရွာသူကြီးကိုယ်တိုင် လာရမယ်လို့ အမိန့်ပေးထားကြောင်း ဒေသခံရွာသားတွေက ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို လာရောက် တိုင်ကြားမှုတွေလည်း ရှိနေပါတယ်။

ဒေသခံ ရှမ်းမျိုးနွယ်စုတွေ အဓမ္မစုဆောင်းခံရတာနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ လူမျိုးရေးပြဿနာတွေ ဖြစ်ပွားလာမှာစိုးတဲ့အတွက် ဒီလို လုပ်ရပ်တွေ ရပ်တန့်ဖို့ရော၊ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ကိစ္စတွေပါ ကေအိုင်အေရဲ့ တာဝန်ရှိသူတွေဆီကိုရော သက်ဆိုင်ရာအစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီ ဒီဇင်ဘာ ၉ ရက်နေ့ နေ့စွဲနဲ့ ရှမ်းနီ တိုင်းရင်းသားတွေက စာရေးတောင်းဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကေအိုင်အေရဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘိုကတော့ ကေအိုင်အေမှာ အတင်းအဓမ္မ တပ်သားစုဆောင်းတဲ့ ပေါ်လစီ မရှိကြောင်း၊ ရံဖန်ရံခါ ရပ်ရွာကိစ္စ ဆွေးနွေးလိုတဲ့အတွက် ရွာသားတွေကို အစည်းအဝေး ဆင့်ခေါ်တာတွေတော့ ရှိကြောင်းနဲ့ ကောလာဟလတွေကြောင့် အထင်မှားမှုတွေ ဖြစ်တတ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013