DVB Logo
Home
ကျန်းမာရေး
အရေးပေါ်ဆေးအိတ် ဘယ်လို ပြင်ကြမလဲ။
DVB
·
September 7, 2021
အရေးပေါ်ဆေးအိတ် ဘယ်လို ပြင်ကြမလဲ။
Donate to DVB

သဘာဝဘေးအန္တရာယ်၊ မီးဘေး၊ စစ်ဘေး စတာတွေ ကြုံရလို့ အိုးပစ်အိမ်ပစ်ပြေးရပြီဆိုရင် ဘာတွေ သယ်သွားမလဲဆိုတာ ကြိုစဉ်းစားထားဖို့ လိုပါတယ်။ ဖြစ်လာမှ ထူပူပြီး တွေ့ရာ ပြေးဆွဲတဲ့အခါ မလိုတာတွေဘဲ ပါလာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ခုတည်းက စပြီး အရေးပေါ်ဆေးအိတ် လေး ပြင်ထားကြပါစို့။

အရေးပေါ်ဆေးအိတ် ပြင်တဲ့အခါ ထည့်စဉ်းစားရမယ့် အချက်တွေ

အရေးပေါ်အိတ်မှာ ဆေးအပါအဝင် ရေ၊ စားစရာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ စတာတွေ ပါမှာပါ။ ဒါတွေကို တတ်နိုင်သမျှ ကျစ်လျစ်ပြီး သယ်ရလွယ်အောင် ထည့်ထားဖို့ လိုပါတယ်။ အိမ်ရှိလူကုန် လုံလောက်အောင်လည်း ထည့်ရမှာပါ။

ဒီမှာတော့ ဆေးပစ္စည်းနဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောပြပါမယ်။

အရေးပေါ် ဆေးအိတ် မှာ ဘာတွေ ပါမလဲ။

အရေးပေါ် ဆေးအိတ်မှာ နှစ်ပိုင်း ရှိပါတယ်။ စွဲသောက်နေကျဆေးတွေရယ်၊ အရေးပေါ် ဆောင်ထားသင့်တဲ့ ဆေးရယ်ပါ။ နှစ်ခုလုံးကို လုံလောက်အောင် ထည့်ထားရပါမယ်။

စွဲသောက်နေကျဆေးများ

ဆီးချိုဆေး၊ သွေးတိုးကျဆေးတွေ၊ တခြားရောဂါအတွက် ဆေးတွေ အားလုံးပါပါတယ်။ ဒီဆေးတွေကို အနည်းဆုံး ၁ပတ်စာကနေ တတ်နိုင်ရင် ၁လစာလောက် စုထားပါ။ ဘေးအန္တရာယ်တွေ ပြီးပြီးချင်းမှာ ဆေးတွေ ရှာဖို့လွယ်ဦးမှာ မဟုတ်သေးတဲ့အတွက် ပိုဝယ်ထားတာ မမှားပါဘူး။

ဆီးချို၊ သွေးတိုးဆေးတွေ ကြိုဆောင်ထားသင့်သလို ကူးစက်ရောဂါအတွက် သောက်ရတဲ့သူတွေကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပိုဝယ်ထားသင့်ပါတယ်။ ဥပမာ တီဘီရောဂါရှိသူတွေဆို ဆေးသောက်တာ ရက်မပြည့်သေးရင် အပိုဆောင်သင့်မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ HIV၊ ဘီပိုးစီပိုး ရှိသူတွေကျတော့ ဆေးကို အပိုဆောင်ထားရမှာပါ။

နောက်တစ်ခုက တားဆေးပါ။ တားဆေးသောက်တဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးကတ်ကို အမြဲပိုဝယ်ထားပါ။ အနည်းဆုံး တစ်လစာ ပိုဝယ်ထားသင့်ပါတယ်။ နောက်အရေးပေါ်တားဆေး၊ ကွန်ဒုံးစတာတွေလည်း ဆောင်ထားပါ။ အရေးပေါ်ကာလဖြစ်ပေမယ့် လိင်မှုကိစ္စက ပြောရခက်ပါတယ်။ သဘာဝဘေးကာလမှာ တားဆေးကတ် သောက်ဖို့ မေ့တာဖြစ်ဖြစ်၊ ၃လခံတားဆေး ထိုးဖို့ ရက်ကျော်တာဖြစ်ဖြစ် အတူနေမိပြီဆိုရင် ဖြေရှင်းလို့ရပါတယ်။

အရေးပေါ်ဆောင်ထားသင့်တဲ့ဆေး

အရေးပေါ်ဆောင်ထားသင့်တဲ့ ဆေးတွေ၊ ပစ္စည်းကိရိယာတွေကတော့

  • အလာဂျီဆေးတွေ (ဥပမာ diphenhydramine ဘာမီတွန် သို့ loratadine သို့ cetrizine၊ လိမ်းဆေးဆို ကလမင်း လိုးရှင်း)
  • အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်)
  • ဝမ်းပိတ်ဆေးတွေ (ဥပမာ loperamide)
  • အစာအိမ်ဆေးတွေ (ဥပမာ pantoprazole သို့ ranitidine)
  • လေဆေးတွေ (ဥပမာ simethicone သို့ aluminium hydroxide)
  • ချောင်းဆိုးပျောက်ဆေး (ဥပမာ Dextromethophan)
  • ချွဲပျော်ဆေး (ဥပမာ Acetyl-cystine)
  • အအန်ပျောက်ဆေး (ဥပမာ Domperidone)
  • ဓာတ်ဆား
  • အနာကပ် ပလာစတာ
  • ဒဏ်ရာမှာ ထည့်တဲ့ လိမ်းဆေး၊ ဟိုက်ဒရိုကော်တီဆုန်း လိမ်းဆေး
  • ခြင်မကိုက် လိမ်းဆေးတွေ
  • ရေသန့်ဆေးပြား စတာတွေ ထည့်ထားသင့်ပါတယ်။ ဆေးတွေက တစ်ကတ်စီဆို ရပါပြီ။

ဒါ့ပြင်

  • ဇာဂနာ
  • ဒစ်ဂျစ်တယ် သာမိုမီတာ
  • ကတ်ကြေးအသေး
  • ပတ်တီး (ရိုးရိုးပတ်တီး၊ တြိဂံပုံ ပတ်တီး၊ ကျုံ့ဆန့်ပတ်တီး)
  • ဆေးခန်းသုံး လက်အိတ် ၂စုံ ၃စုံ
  • ဆေးခန်းသုံးတိတ် (paper tape ၁လိပ်)
  • သွေးတိတ်ပလာစတာ စတာတွေ ဆောင်ထားဖို့ လိုပါတယ်။

ကလေးမိဘတွေကတော့ ကလေးသုံးနေကြဆေးရှိရင် ထည့်ထားပါ။ နောက်ပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် နှာခေါင်းစည်း၊ လက်သန့်ဆေးရည် စတာတွေကိုပါ ထည့်ထားဖို့ လိုပါတယ်။

တခြားပစ္စည်း ကိရိယာများ

တခြားပစ္စည်းတွေကတော့ ဆီးချိုသမားတွေအတွက် အင်ဆူလင်၊ ဆီးချိုဖောက်စက်နဲ့ stripပြား၊ ပန်းနာရင်ကျပ်သမားတွေအတွက် ရှူဆေး၊ နားအကြားအာရုံချို့တဲ့သူအတွက် နားကျပ်၊ မျက်မှန်သမားတွေအတွက် မျက်မှန်၊ မျက်ကပ်မှန် စတာတွေ တတ်နိုင်ရင် အပိုဆောင်ထားပါ။ အပိုမရှိရင် မြင်လွယ်တဲ့နေရာမှာ ထားပါ။ တစ်ခုခုဆို တန်းပြီး အိတ်ထဲထည့်လို့ရအောင်ပါ။

ဆီးချိုစက်တွေ၊ နားကျပ်တွေ ပါလာပြီဆိုရင် သူတို့နဲ့ သုံးဖို့ ဓာတ်ခဲပါ အပိုဆောင်ထားရမှာပါ။

အရေးပေါ် ဆေးအိတ် ကို ဘယ်လို ထည့်ကြမလဲ။

ခုဆို ပစ္စည်းတွေ အများကြီး ထွက်လာတာကို တွေ့မှာပါ။ ကပ်ဘေးကာလမှာ တခြားပစ္စည်းတွေလည်း သယ်ရဦးမှာဆိုတော့ တတ်နိုင်သမျှ သေးသေးကျစ်ကျစ် ထုတ်နိုင်ရင် အကောင်းဆုံးပါပဲ။ အရင်ဆုံး ပစ္စည်းစာရင်းရေးချပြီး ဝယ်စုထားပါ။ စွဲသောက်နေကြဆေး ၂ပတ် ဒါမှမဟုတ် ၁လစာ၊ အရေးပေါ်ဆေး တစ်ကတ်စီဆို ရပါပြီ။

ပစ္စည်းအနေအထားပေါ်ကြည့်ပြီး အိတ်ပြင်ပါ။ ရေလုံအိတ်၊ ခိုင်ခံ့တဲ့ အိတ်မျိုးဖြစ်ရပါမယ်။ ပစ္စည်းတွေကို အစီအစဉ်တကျထည့်ပါ။ တစ်အိတ်တည်း ဆန့်အောင်ထည့်ပါ။

ဆေးအညွှန်းတွေကို သေချာရေးပါ။ ဆေးတစ်မျိုးစီရဲ့ ဆေးပမာဏ၊ သောက်ရမယ့် အကြိမ်ကို စာရွက်မှာ သေချာရေးပြီး စာရွက်ကိုပါ အိတ်ထဲ တစ်ခါတည်း ထည့်ထားပါ။

အရေးပေါ် ဆေးအိတ် ကို ဘယ်လို သိမ်းကြမလဲ။

ဆေးတွေက ပုံမှန်အားဖြင့်တော့ လေလုံပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားရင် ရပါပြီ။ ပူလွန်း အေးလွန်းတာ၊ နေရောင်ခြည် တိုက်ရိုက်ကျရောက်တာမျိုး မဖြစ်ရပါဘူး။ ဥပမာ အင်ဆူလင်ဆို မဖောက်ခင် အသစ်ဆို ၂-၈ ဒီဂရီစင်တီဂရိတ်မှာ သိမ်းရပြီး ဖောက်ပြီးရင် ၃၀ ဒီဂရီပတ်ချာလည်လောက်မှာ ၁လ သိမ်းနိုင်ပါတယ်။

ဒါကြောင့် ဆီးချိုရှိပြီး အင်ဆူလင် ထိုးနေရတဲ့သူတွေ ဆေးပုလင်းအပို အသစ်တွေကို ရေခဲသေတ္တာထဲမှာ မှတ်မှတ်ရရ သိမ်းထားပါ။ ရေခဲဆောင်ထားပါ။ ပြေးရပြီဆိုရင် အင်ဆူလင်ကို ရေခဲအိတ်ထဲထည့်ပြီး သယ်သွားပါ။

ဆေးတွေရဲ့ ရက်လွန်ကုန်ဆုံးရက်ကို စစ်ပါ။ ဝယ်တဲ့အချိန်မှာ အနည်းဆုံး ၆လကျန်ရပါမယ်။ ဒိတ်နီးနေတဲ့ ဆေးတွေကို မဝယ်ပါနဲ့။

အရေးပေါ်ဆေးအိတ်ဆိုတာ ပြင်ထားသင့်ပါတယ်။ ဖြစ်လာမှ ပြင်ရင် လိုတဲ့ဆေးတွေ မပါ၊ စျေးတွေတက်၊ ဝယ်ရခက်လို့ ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။

ရေးသားသူ Dr. Htet Htet Zaw Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013