
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကေအန်ယူ/ကေအန်အယ်လ်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေ စက်တင်ဘာ ၇ ရက် ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအန်ယူ တပ်မဟာ ၄ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား ပိန္နဲတောင်ကျေးရွာအနီးမှာ ဒီမနက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထားဝယ်ခရိုင် ကေအန်ယူတာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
“ စစ်ကောင်စီတပ်ဘက်က PDF ကို လိုက်လံရှာဖွေရင်း PDF တပ်ဖွဲ့ကလည်း ကေအန်ယူတပ် ထွက်ပြေးတာရှိတော့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ”
အလားတူ ကေအန်ယူ တပ်မဟာ ၄ အုပ်ချုပ်နေတဲ့ ဒူးရင်းပင်ရှောင်ရွာအတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတယ်လို့လည်း ဒေခံတွေဆီက သိရပါတယ်။
ဒီမနက်ပိုင်းက ပိန္နဲတောင်နဲ့ ဆာခဲ့ကျေးရွာနီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး အရေအတွက်တော့ အသေအချာမသိရဘူးလို့ ကေအန်ယူဘက်က ပြောပါတယ်။
ဒေသမီဒီယာတခုဖြစ်တဲ့ we are everything လူမှုကွန်ရက်မှာ သတင်းဖော်ပြချက်အရ KNU တပ်မဟာ ၄ တပ်ရင်း ၇၊ တပ်ခွဲ ၂ ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါတယ်။
ဒီမနက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က စစ်ကူ ကားတွေအပြင် စစ်ရဟတ်ယာဉ်တွေနဲ့ပါ လာရောက် ပျံသန်းမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်ချုပ်ရေးကို ပြည်သူအားလုံးဝိုင်းဝန်း တွန်းလှန်ဖို့အတွက် စက်တင်ဘာ ၇ ရက်ကစပြီး နိုင်ငံတဝန်းမှာ အရေးပေါ် အခြေအနေ ကြေညာထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်း ကြေညာပြီးနောက်မှာ ခုလို ကေအန်ယူ တပ်မဟာ ၄ နယ်မြေမှာ ပထမဆုံးတိုက်ပွဲဖြစ်ပွားခဲ့တာပါ။