DVB Logo
Home
မြန်မာသတင်း
ဦးဝီရသူကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေး
DVB
·
September 6, 2021
ဦးဝီရသူကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေး
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ဖမ်းဆီးတရားစွဲခံထားရတဲ့ ဦးဝီရသူကို အကြမ်းဖက်စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၆ ရက် ဒီကနေ့ ရုံးထုတ်ပြီး ပြန်လွှတ်ပေးလိုက်ပြီလို့ နွေဦးတော် လှန်ရေးဘာသာပေါင်းစုံကွန်ရက် ပြောခွင့်ရ ဦးထွန်းကြည်က အတည်ပြု ပြောပါတယ်။ 

“သတင်းကတော့ အတည်ပြုလို့ရသွားပါပြီ ဒီနေ့တရားရုံးထုတ်တယ်။ Video Conferencing နဲ့ သူ့ကို ရုံးထုတ်တယ်။ သူ့ကိုစွဲထားတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက သူ့ကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်ဗျာ။ ဒီသတင်းကတော့ Confirm ဖြစ်ပါတယ်။ သူက တကယ့်တကယ် အကျဉ်းဦးစီးဌာနမှာ မရှိတော့ဘူးလေ။ မေလကတည်းကနေ သူကဆေးကုသမယ်ဆိုပြီးတော့ စစ်ဆေးရုံ ခုတင် ၁၀၀၀ မှာ တင်ထားတယ်လို့ ပြောတယ်ဗျာ။” 

ဦးဝီရသူတွေဟာ အကျဉ်းထောင်မှာ ဖမ်းဆီးခံနေရစဉ်မှာ အခွင့်ထူးခံအကျဉ်းသားဖြစ်နေတယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။

“သူက ဘယ်လောက်တောင် အခွင့်ထူးခံဖြစ်နေလဲဆိုရင် ဒီနိုင်ငံရေးအကျဉ်းသားတွေတောင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့က ထောင်ဆေးရုံက လွဲလို့ပေါ့ဗျာ တခြားဆေးရုံတွေ အင်းစိန်ဆေးရုံတို့ဘာတို့ပေါ့ဗျာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုတာ အဝေးကြီးပေါ့၊ သို့သော်လည်း ဒီလိုပုဂ္ဂိုလ်မျိုးကျတော့ မေလမှာကတည်းက တပ်မတော်ဆေးရုံကို သူ့ကိုလွှတ်ထားတယ်ပေါ့ဗျာ။ ထောင်ထဲမှာ ရှိနေတုန်းကလည်း သင်္ကန်းဖြူဆိုတဲ့ ကလောင်နာမည်နဲ့ စာတွေရေးနေတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရက်တစ် အင်အားစုတွေကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေ ရေးတယ်ပေါ့ဗျာ။ အပြင်ရောက်တော့လည်း ထိုနည်းတူစွာပဲ ဒီကြားထဲမှာလည်း LIVE တွေပါတွေ လွှင့်နိုင်သေးတယ်ဗျာ။ ဆိုတော့ သေချာတာတော့ အကြမ်းဖက်အာဏာလုစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ သူရှိနေတယ်။ လွတ်လွပ်လပ်လပ်နဲ့ အကျဉ်းသားပင်ဖြစ်လင့်ကစား အခွင့်ထူးခံအကျဉ်းသားဖြစ်တယ်။ ဒီနေ့လည်း ကျရော ပြန်လွှတ်ပေးလိုက်တယ်” 

ဦးဝီရသူ ပြန်လွတ်လာပြီးနောက် မဘသ အင်အားစုတွေနဲ့ အစည်းအဝေးလုပ်ဖို့ရှိပြီး နောက်ဆက်တွဲအဖြစ် တိုင်းပြည်မှာ တည်ငြိမ်းအေးချမ်းရေးမရှိအောင် လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖြစ်အောင် လုပ်လာနိုင်တဲ့အတွက်  ကြိုတင် ကာကွယ်သတိထားကာကွယ်ဖို့လိုတယ်လို့လည်း နွေဦးတော် လှန်ရေးဘာသာပေါင်းစုံကွန်ရက်  က ပြောပါတယ်။

အမျိုးသားရေးဆရာတော်အဖြစ် လူသိများတဲ့ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။ 

ဦးဝီရသူဟာ ဝရမ်းပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေရာက တနှစ်ကျော်အကြာ  ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခါနီး  နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှာ  လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဦးဝီရသူကို  စစ်တပ်က အင်းစိန်ထောင် သီးသန့်ရိပ်သာဆောင်မှာ VVIP အဖြစ်ထားရှိကာ  မေလကစပြီး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက်  ဒီကနေ့ အမှုကနေ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013