DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက်ပိုင်း ကယားတွင် တိုက်ပွဲ ၆၀ ဖြစ်ပွား၊ လူပေါင်း ၈၃ ဦး သေဆုံး
DVB
·
September 6, 2021
အာဏာသိမ်းပြီးနောက်ပိုင်း ကယားတွင် တိုက်ပွဲ ၆၀ ဖြစ်ပွား၊ လူပေါင်း ၈၃ ဦး သေဆုံး
Donate to DVB

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည် (ကယား) ပြည်နယ်မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော်တို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲ ၆၀ ဖြစ်ပွားခဲ့ပြီး စစ်ကြောင့် သေဆုံးသူ ၈၃ ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားပါတယ်။

PKPF ပြောခွင့်သူက  “သေဆုံးတာကတော့ အရပ်သားတွေလည်းပါတယ်။ PDF တပ်ဖွဲ့ဝင်တွေလည်း ပါတယ်။ အထူးသဖြင့် အဲဒါတွေပေါ့။ နောက်ပြီးတချို့ကတော့ စစ်ဘေးရှောင် တောထဲမှာဆုံးသွားတဲ့ ကလေးငယ်တွေလည်းပါတယ်။ အဲလိုတော့ရှိတယ်။  နှစ်ကန့်ဖြစ်သွားတာပေါ့နော်။ ဒီတိုက်ပွဲမဖြစ်ခင်မှာ ဆန္ဒပြရင်းနဲ့ အကြမ်းဖက်ဖြိုးခွဲခံရရင်း သေဆုံးသွားတဲ့လူ သုံးလေးယောက်ရှိတယ်။ အဲဒါတကန့်။ နောက်ပိုင်းက ဒီစစ်ဖြစ်ပြီးနောက် သေဆုံးသွားတာပေါ့။ စစ်တပ်တွေက အကြောင်းမဲ့ပစ်သတ်တာတွေရယ်၊ PDF တပ်ဖွဲ့ဝင်တွေရယ် ပြီးတော့ တောထဲ စစ်ဘေးရှောင်စခန်းထဲမှာ ဆုံးသွားတဲ့လူတွေရယ်ပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်လည်း ကက်သလစ်ဘုရားကျောင်း ၅ ကျောင်းနဲ့ လူနေအိမ်  ၂၄၃ လုံး ပျက်စီးခဲ့ကြောင်း၊ ပျက်စီးသွားတဲ့ ကက်သလစ်ဘုရားကျောင်း ၅ ကျောင်းထဲမှာ ဒီးမော့ဆိုမြို့နယ်က ၃ ကျောင်း၊ လွိုင်ကော်မြို့နယ်မှာ ၁ ကျောင်းနဲ့ ဖယ်ခုံမြို့နယ်မှာ ၁ ကျောင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်မှာ နေအိမ် ၁၄၆ လုံး၊ မိုးဗြဲမှာ ၈၈ လုံးနဲ့ လွိုင်ကော်မြို့မှာ နေအိမ် ၉ လုံး စုစုပေါင်း ၂၄၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး  ဩဂုတ် ၃၁ ရက်နေ့အထိ နိုင်ငံရေးနဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ၁၂၀ ကျော်ရှိနေပြီး အဲဒီထဲက ၁၀၃ ဦးဟာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရကြောင်း PKPF ပြောခွင့်ရသူက ပြောပါတယ်။

“ဒီကြားထဲမှာ တချို့ PDF တပ်ဖွဲ့ဝင် အဖမ်းခံရတာတွေရှိတယ်။ နောက်ပြီး‌တော့ စစ်ဘေးရှောင်ကူညီတဲ့လူတွေကို ဖမ်းဆီးတာတွေရှိတယ်။ အဲဒါတွေကို ထပ်ပေါင်းထည့်လိုက်တော့ အားလုံးပေါင်း ၁၂၄ ယောက်ပေါ့။ အဲဒီထဲမှာမှ  ၅၀၅ က ၁၀၀ ကျော်လောက်ရှိတာပေါ့နော်။ ထပ်တိုးလာတာပေါ့နော်။”

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ မေလလယ်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့အကြား စတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဩဂုတ်လ ၃၁ ရက်နေ့အထိ  တိုက်ပွဲ ၆၀ မှာ လွိုင်လင်လေး ၈ ကြိမ်၊ လွိုင်ကော် ၁၃ ကြိမ်၊ ဒီးမော့ဆို ၁၆ ကြိမ်၊ ဖရူဆို ၉ ကြိမ်၊ ဘောလခဲ ၅ ကြိမ်၊ မိုးဗြဲ ၅ ကြိမ်နဲ့ ဖယ်ခုံမြို့မှာ ၄ ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ဖြစ်ပွားပြီးနောက် ဇွန် ၁၅ ရက်နေ့က ၁ လတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး စစ်ဘေးရှောင်တချို့ နေအိမ် ပြန်သွားခဲ့ကြပေမယ့် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတဲ့အတွက် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲကြောင့် ကယားပြည်နယ်မှာ လူပေါင်း ၁၂၀,၀၀၀ စစ်ဘေးရှောင်နေကြရပြီး လက်ရှိမှာလည်း စစ်ကောင်စီဘက်က လွိုင်လင်လေး၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ အင်အားဖြည့်တင်းထားမှုတွေ ရှိနေပြီး နောက်ထပ် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013