DVB Logo
Home
မြန်မာသတင်း
မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်း
DVB
·
September 4, 2021
မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်း
Donate to DVB

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီးနောက် ၇ လအကြာမှာ မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံခြားငွေတွေနဲ့ လဲလှယ်ရာမှာ စံချိန်တင် ကျဆင်းသွားပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်ဈေးကွက်မှာ  စက်တင်ဘာ ၃   ရက်ကစပြီး အမေရိကန်  ၁ ဒေါ်လာ ကို မြန်မာကျပ်ငွေ  ၁၈၀၀ ကျပ်ကျော်ရောက်ရှိသွားပြီး ဒီကနေ့  စက်တင်ဘာ ၄ ရက် မှာလည်း ၁၈၀၀ ကျပ် အထက်မှာ ဆက်ရှိနေတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာမသိမ်းခင် တရက်အလိုမှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ပြင်ပပေါက်ဈေး ၁၃၃၁ ကျပ်သာ ရှိပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၇ လအကြာ စက်တင်ဘာ ၄ ရက်မှာ အမေရိကန် ၁ ဒေါ်လာ တန်ဖိုးက ၁၈၃၀ ကျပ်ရှိတာကြောင့် အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ၄၉၉ ကျပ်၊ ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားတာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုး အခုလို မာလာပြီး မြန်မာငွေတန်ဖိုး ကျလာတာဟာ လက်ထဲမှာ မြန်မာငွေကိုင်ထားပြီး စုဆောင်းထားတဲ့ပြည်သူတွေအတွက်တော့  ဆုံးရှုံးမှုကြီးကြီးမားမား ရှိနေပါတယ်။

စီးပွားရေးလေ့လာသူတဦးက “စစ်တပ်က အာဏာမသိမ်းခင်က ဘဏ်မှာ ကျနော်တို့ ငွေကျပ် သိန်း ၁၀၀ စုဆောင်းထားတယ်ဆိုပါတော့။ ဒါပေမဲ့ အဲ့ဒီ ငွေ သိန်း ၁၀၀ က သူ ဘာစီးပွားရေးမှ မလုပ်ပဲနဲ့ နေရင်းထိုင်ရင်း အခုဆိုရင် ၃၇ သိန်း ဆုံးရှုံးသွားပြီဗျ။ ဆိုတော့ အမေရိကန်ဒေါ်လာ တန်ဖိုးမာပြီး မြန်မာငွေ တန်ဖိုးကျတာ ကောင်းမကောင်း၊ အဲ့ဒါသာ ကြည့်ပေတော့။ ဒီကြားထဲ ဘဏ်က ပြန်ထုတ်ဖို့ဆိုတာကလည်း ရာခိုင်နှုန်းတခုပေးပြီး ပြန်ထုတ်ရဦးမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုး အတက်အကျနည်းအောင် ထိန်းညှိနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့  နေပြည်တော်မှာ သြဂုတ် ၃ ရက်နေ့က နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနဲ့စပ်လျဉ်းပြီး ပြုလုပ်တဲ့ အစည်းအဝေးမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှုရှိစေရေး ဘဏ်တွေက  နိုင်ငံခြားငွေ ရောင်းဝယ်မှုကို ကန့်သတ်ချက်အတွင်းသာ ရောင်းဝယ်ဖို့နဲ့  မဖြစ်မနေ ဝယ်ယူရမယ့် ကျန်းမာရေး ကိစ္စရပ်တွေအတွက် နိုင်ငံခြားငွေအသုံးပြုဖို့ လိုအပ်လာပါက မြန်မာနိုင်ငံတော်ဗဟို ဘဏ်သို့တင်ပြဖို့လည်း ပြောပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးကတော့ “နိုင်ငံတော်ဗဟိုဘဏ်မှာ တတ်သိနားလည်ကျွမ်းကျင်တဲ့ ပညာရှင်တွေ ကျန်သေးရဲ့လားပေါ့။ တကယ်လို့ ကျန်သေးတယ်ဆိုရင်ကော သူတို့အနေနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ကော ရရဲ့လားပေါ့နော်။ ဘာလို့လဲဆိုတော့ စစ်အုပ်ချုပ်ရေးဖြစ်သွားတဲ့အခါ ပညာရှင်တွေရဲ့စကားကို လက်ခံဖို့က သူတို့အတွက် ခက်ခဲတယ်လေ။ အတိတ်မှာလဲ ဒီလိုဖြတ်သန်းခဲ့ကြတာပါ။ ဒါက ဗဟိုဘဏ်မှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့အတွက် လိုအပ်တဲ့ Capacity ရှိရမယ့် အပိုင်းပေါ့။ ဆိုတော့ ဒီအပိုင်းမှာ ကျနော်တို့ သံသယရှိတယ်ဗျ” လို့ ပြောပါတယ်။

ဒေါ်လာတန်ဖိုးမြင့်တက်နေတဲ့ ခုလိုအချိန်မှာ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေတွေကို  ၄ လအတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေထံကို စျေးကွက်ပေါက်စျေးနဲ့ မပျက်မကွက်ရောင်းချပေးဖို့လည်း စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ (AD) လိုင်စင်ရဘဏ်က နိုင်ငံပိုင်ဘဏ် ၃ ခု၊ ပုဂ္ဂလိကပိုင်ဘဏ် ၂၀ ခု၊ နိုင်ငံခြားဘဏ်ခွဲ ၁၇ ခု နဲ့ နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ် ၃ ခု ရှိတယ်လို့ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013