DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းကို စစ်တပ် ထိုးစစ်ဆင်၊ ဂွနှင့် သံတွဲကမ်းခြေကို စစ်သင်္ဘောများက ပစ်ခတ်
DVB
·
September 5, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေပြီး ဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ သံတွဲမြို့နယ်၊ ငပလီကကမ်းခြေတို့ကိုလည်း ရေတပ် သင်္ဘောတွေက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်အာဏာရှင်ရေတပ်က ကမ်းခြေရှိ ကျေးရွာ အနီးတွေ၊ တောင်တန်းတွေကို ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ကမ်းခြေနေ ပြည်သူတချို့ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရေတပ်ကနေ ကမ်းခြေက ကျေးရွာအနီး ပတ်ဝန်းကျင်တွေ၊ တောင်တန်းတွေကို ပစ်ခတ် တိုက်ခိုက်နေတာ ၂ ရက်ဆက်တိုက်ရှိနေပြီဗျာ။ ဒီနေ့မှာလည်း နေ့လယ် ၁၂ နာရီလောက်ကတည်းက လက်နက်ကြီးနဲ့ ပစ်နေတာ ၈ ချက် ၉ ချက်လောက် ရှိနေပြီ။ ဒေသခံတွေကလည်း အကုန်လည်း ဗုံးခိုကျင်းထဲမှာ ဝင်နေကြရတယ်။ ပြည်သူတွေလည်း ဘာမှ လုပ်ကိုင်စားသောက်ဖို့ မရတော့ဘူး။ ကမ်းခြေက ကျေးရွာနေ ဒေသခံတချို့ကတော့ ဘေးလွတ်ရာ မိသားစုတွေရှိတဲ့ ရွာတွေကို ရွှေ့ပြောင်းနေကြတာတွေတော့ ရှိကြတယ်။”

လက်ရှိမှာ ဂွနဲ့ သံတွဲကမ်းခြေ ပင်လယ်ပြင်တလျှောက်မှာ စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်ရေး ရေတပ်သင်္ဘော အနည်းဆုံး ၆ စင်းနဲ့ အထက်ရှိနေပြီး မကြာခဏဆိုသလို ကမ်းခြေက ကျေးရွာ တွေကို ပစ်ခတ်တိုက်ခိုက်နေပါတယ်။

စစ်အာဏာရှင်တပ်ဟာ ဧရာဝတီစစ်မျက်နှာနဲ့ ထိစပ်နေတဲ့ ဂွ၊ သံတွဲမြို့နယ်အပြင် စစ်တွေ စစ်မျက်နှာနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း စက်တင်ဘာ ၄ ရက် မနက်ပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကြား မင်းချောင်းတံတားအထိ တင့်ကားတွေနဲ့ စစ်သားတွေ တက်ရောက်လာကြပေမဲ့ အာရက္ခတပ်တော်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး အမြင့်ကျွန်းရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေတိုက်ပွဲက အတော်လေးကို ပြင်းနေတာ။ စက်တင်ဘာ ၄ ရက်နေ့ကနေ  ဒီနေ့ ၅ ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲကပြင်းထန်နေတုန်းပဲ။ မနေ့ကဆို စစ်ခွေးတွေဘက်က မင်းချောင်းတံတား အထိ တင့်ကားတွေ၊ လူအင်အားတွေနဲ့ တက်လာတာတွေအထိရှိတယ်။ AA ဘက်က လက်နက်ကြီး၊ လက်နက်ငယ် ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး အမြင့်ကျွန်းဘက်ကို ပြန်ဆုတ်သွားတာရှိတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေယူပြီး မြေပြင်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတာ” လို့ပြောပါတယ်။

စက်တင်ဘာ ၃ ရက်နေ့က စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာ ၇ ရွာကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ပြင်းထန် နေကြတာဖြစ်ပါတယ်။

စစ်တွေမြို့က လက်နက်ကြီးအထိုင်စခန်း ၇ ခု၊ သံချပ်ကာကား ၂ စီးနဲ့ ရေတပ်စစ်သင်္ဘောတွေက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်၊ ရေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော်က စက်တင်ဘာ ၄ ရက် ညနေပိုင်းမှာ သတိပေး တိုက်တွန်းထားပါတယ်။

လက်ရှိ စစ်တွေမြို့တွင်းမှာလည်း စစ်အာဏာရှင်တပ်က လုံခြုံရေးတင်းကျပ်ထားသလို လက်နက်ကြီး၊ ဂျက်ဖိုက်တာတွေ ဗုံးကြဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ စစ်တွေမြို့ခံ အမျိုးသမီး တယောက်က ပြောပါတယ်။

“မနေ့က မနက်ပိုင်းကစပြီး တိုက်ပွဲအတော်လေး ပြင်းထန်နေကြတာ။ စစ်တွေမြို့မှာလည်း လုံခြုံရေး တင်းကျပ်ထားပြီးတော့ စစ်ကားတွေ သွားလာလှုပ်ရှားနေကြတာတွေ့ရတယ်။ ကမ်းနားလမ်းတွေလည်း ပိတ်လိုက်ပြီ။ လက်နက်ကြီးသံ၊ လေယာဉ်ကဗုံးကြဲသံတွေက ဆက်တိုက် ကြားနေကြရတာ။ ဒီလောက် တခါမှ ပြင်းပြင်းထန်ထန် မကြားဖူးသေးဘူး။ မြို့ခံတွေက တအားစိုးရိမ်စိတ် ကြီးနေကြပြီ” လို့ပြောပါတယ်။

စစ်တွေမြို့ကို ဩဂုတ်လဒုတိယအပတ်မှာ ရေကြောင်းကနေ စစ်အင်အား ထောင်နဲ့ချီ ဖြည့်တင်းခဲ့ ပြီး‌နောက် စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို မြေပြင်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းလာ နေတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေနဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ပြီး စစ်တွေမြို့ကို စစ်ရေးအရ ဖိအားပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေအခြေစိုက် စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ အတွဲလိုက်ဒုံးတွေ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိလာနေပြီး ဒေသခံထောင် ထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်အာဏာရှင်တပ်ဟာ ဂွနဲ့ သံတွဲကမ်းခြေကို ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတို့က လေကြောင်း၊ ရေကြောင်းနဲ့ အပြင်းထန်ဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၈ ရက်ကလည်း ဂွကမ်းခြေ တခု တည်းကို ရေတပ်သင်္ဘော ၈ စင်းနဲ့ လက်နက်ကြီး အလုံးရေ ၁၀၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013