DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် တရုတ်စီးပွားရေးစီမံကိန်းများအတွက် အခွင့်အလမ်းဖြစ်လာ
DVB
·
September 2, 2021
စစ်အာဏာသိမ်းပြီးနောက် တရုတ်စီးပွားရေးစီမံကိန်းများအတွက် အခွင့်အလမ်းဖြစ်လာ
Donate to DVB

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး  စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းမှ ရင်းနှီးမြုပ်နှံသူတချို့ဟာ သူတို့လုပ်ငန်းတွေကို ရပ်ဆိုင်းတာ ၊ နုတ်ထွက်တာနဲ့ လျှော့ချတာတွေ ပြုလုပ်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့  BRI ခါးပတ်လမ်း စီမံကိန်းအတွက်တော့ အခွင့်အလမ်း ဖြစ်လာတယ်လို့  The Diplomat မဂ္ဂဇင်းမှာ သုံးသပ်ရေးသားထားပါတယ်။

တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ BRI ခါးပတ်လမ်းစီမံကိန်းထဲက တခုအပါအဝင်ဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မဟာဗျူဟာကျတဲ့အစိတ်အပိုင်းတခုဖြစ်တာ ကြောင့်လည်း တရုတ်ကုမ္ပဏီ CITIC ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရင်းနှီးမြုပ်နှံထားတာရှိပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၂ဝ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မြန်မာနိုင်ငံဆီလာခဲ့တဲ့ ရည်ရွယ်ချက်တွေထဲမှာ BRI စီမံကိန်း တရုတ်အစိုးရရဲ့ အရေးကြီးဆုံး ကိစ္စတွေထဲမှာပါဝင်တာတွေ့ရပါတယ်။

ပိုပြီးထင်ရှားစေတဲ့အချက်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီက တရုတ်အစိုးရက BRI စီမံကိန်းအတွက် ရေနက်ဆိပ်ကမ်း အပါအဝင် အထူးစီးပွားရေးဇုန်တွေ တည်ဆောက်ဖို့ နေပြည်တော်မှာ တိုက်တွန်းခဲ့တာရှိပါတယ်။

လက်ရှိကာလမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိပေမဲ့ စစ်ကောင်စီရဲ့ အာမခံချက်နဲ့ တရုတ်နိုင်ငံက  BRI စီမံကိန်းကို စတင်နေပါပြီ။

ဒါကတော့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် လည်ပတ်ဖို့အတွက် လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖို့ ကျောက်ဖြူမှာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျမယ့် ဓာတ်ငွေ့နဲ့ရေနွေးနွေ့သုံးပေါင်းစပ်ဓာတ်အားပေးစီမံကိန်းကို  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက စတင်နေတာပါ။ 

အလားတူ ဧရာဝတီတိုင်းမှာ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကုန်ကျမယ့် မီးလင်းချိုင် သဘာဝဓာတ်ငွေ့စီမံကိန်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လက ထပ်မံ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် BRI နဲ့ ဆက်စပ်တဲ့တခြားစီမံကိန်းတွေကလည်း အနှေးနဲ့အမြန် ဝင်လာဖို့ မီးစိမ်းပြထားပြီ ဖြစ်ပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးက “ဒါကတော့ သေချာတယ်ဗျ။ ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေက လာမှာ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ရင်းနှီးတဲ့သူ ဒါမှမဟုတ် စစ်အစိုးရနဲ့ အကျိုးစီးပွား ချင်းတူတဲ့သူတွေကတော့ လာကြမှာပဲ။ အရင်တုန်းကလည်း ပေါချောင်ကောင်း ပရောဂျက်အကြီးကြီးတွေ တရုတ်ဆီပေးလိုက်တာ ရှိတယ်လေ။ ကိုယ့်အကျိုးစီးပွားပဲ ကြည့်တဲ့သူတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး တာတွေလည်း ဂရုမစိုက်ဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာပြဿနာ တက်လာနိုင်လဲဆိုရင် နည်းနည်းလွတ်လပ်လာတဲ့အချိန်မှာ ဒါတွေက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်ဘူး။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုရှိသလို လူ့အခွင့်အရေးကိုလည်း မလိုက်နာဘူးဆိုတဲ့ စွပ်စွဲချက်တွေပေါ်လာတဲ့အခါ သူတို့ ပြန်ဖြေရှင်းရလိမ့်မယ်” လို့ ပြောပါတယ်။

အရင်စစ်အစိုးရလက်ထက်တွေတုန်းကလည်း လက်လွတ်စပယ် စီမံကိန်းတွေကို ချပေးလိုက်လို့ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရပြီး နိုင်ငံသူ၊ နိုင်ငံသားတွေမှာ ဆင်းရဲတွင်းထဲက အခုအချိန်အထိ ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် လူထုရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေများစွာ ရှိနေတာပါ။

ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီက ခွင့်ပြုလိုက်တဲ့ တရားမဝင်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း ၈ ခုကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ရက်ပိုင်းက သတိပေးထားတာရှိပါတယ်။

နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်ကောင်စီက တရားမဝင်လုယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့စပ်လျဉ်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးက မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။

အတွက် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတည်ပြုမိန့်၊ ခွင့်ပြုမိန့်တွေကို အလျင်စလို လက်လွတ်စပယ် ထုတ်ပေးနေတာဟာ ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ကို မျက်ကွယ်ပြုပြီး ကျော်လွန်ဆောင်ရွက်ရာ ရောက်တဲ့အတွက် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်တဲ့အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်  ဇူလိုင်လ ၃၁ ရက်အထိ တရုတ်နိုင်ငံက  မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၃,၁၆၈ ကျော်ရှိပါတယ်။

Photo- Supreme Group

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013