
ကိုကာကိုလာ အချိုရည်ကုမ္ပဏီဟာ လက်ရှိ ပြည်တွင်းအချိုရည် ဖြန့်ချိရေးမှာ ၀ယ်လိုအားကို ပြည့်မီအောင် ဖြည့်တင်းပေးနိုင်ခြင်း မရှိသေးတာကြောင့် စက်ရုံအသစ်တွေ ထပ်ပြီး တိုးချဲ့ ဆောက်သွားမယ်လို့ ကိုကာကိုလာ အုပ်ချုပ်မှု ဒါရိုက်တာ ရီဟန်းခန် က ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ရန်ကုန်မှာလုပ်တဲ့ ကိုကာကိုလာရဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာ ပေးပို့ခြင်းနဲ့ မြန်မာနိုင်ငံအတွင်း စီးပွားရေး အောင်မြင်မှု မှတ်တိုင်များအကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ကိုကာကိုလာ ကုမ္ပဏီဟာ ပင်းယကုမ္ပဏီနဲ့ ပူးပေါင်းပြီး မှော်ဘီနဲ့ လှိုင်သာယာမှာ စက်ရုံ တည်ဆောက်ထားပြီး အချိုရည် ထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။
ကုမ္ပဏီအနေနဲ့ ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၂ သောင်းကျော် ဖန်တီးပေးသွားမယ်လို့ ကတိပြုထားပါတယ်။











