DVB Logo
Home
Lead Story
“သုံးလတာ ရိက္ခာရပ်ဆိုင်းခဲ့ရသော ရခိုင်အိုင်ဒီပီစခန်းများက အစာအိမ်ပိုင်ရှင်များ”
DVB
·
September 1, 2021
“သုံးလတာ ရိက္ခာရပ်ဆိုင်းခဲ့ရသော ရခိုင်အိုင်ဒီပီစခန်းများက အစာအိမ်ပိုင်ရှင်များ”
Donate to DVB

ထမင်းချက်သည့်ဒယ်အိုးတစ်လုံးနှင့် အသီးအရွက်ချက်သည့်ဒယ်အိုးတစ်လုံးတို့ဖြင့် ဒေါ်ဟာဆီနာအနေဖြင့် မီးဖိုချောင်ကို လည်ပတ်နေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။ ထိုကာလအတွင်း သူတို့မိသားစုအတွက် အဓိကဟင်းပွဲက သူနေထိုင်ရာ ဒုက္ခသည်စခန်းအနီးပတ်ဝန်းကျင်မှ ရှာဖွေ၍ရလာသော အသီးအရွက်များပင်ဖြစ်ခဲ့ရသည်။ အသားနှင့်ငါးဟင်းပွဲကိုတော့ ပုံဆွဲပြမှရတော့မည်ဟု အသက် ၃၇ နှစ်အရွယ် ဒေါ်ဟာဆီနာက ပြောသည်။

မိသားစုထမင်းဝိုင်းအတွက် နေ့စဉ်နှင့်အမျှ အသီးအရွက်တစ်မျိုးတည်းကိုသာ ချက်ပြုတ်ပေးရသည့်အတွက် မီးဖိုချောင်အလုပ်ကို ငြီးငွေ့လာသော်လည်း ကုလသမဂ္ဂ(UN) နှင့် နိုင်ငံတကာမှအကူအညီပေးရေးအဖွဲ့ (INGOs) အဖွဲ့များ၏ ကူညီထောက်ပံ့မှုကို အားကိုးနေရသူများဖြစ်သည့်အခြားရွေးချယ်စရာမရှိ။ မိသားစုထမင်းဝိုင်းအတွက် တခြားဖွေဖွေရာရာ အသားနှင့် ငါးဟင်းကို မစီစဉ် ပေးနိုင်ခြင်းကို စိတ်မကောင်းဖြစ်မိသည်ဟု ၎င်းဆိုသည်။

“တစ်ရက်တလေ သားသမီးတွေက စိတ်ဆိုးကြတယ်။ နေ့တိုင်း ထမင်းတစ်မျိုးနဲ့ အသီးအရွက်တစ်မျိုးတည်း စားရလို့၊ ကျမလည်း ကိုယ့်မိသားစုအတွက် အရသာရှိတဲ့ အစားအသောက်တွေလုပ်ပေးချင်တာပဲ”ဟု ဒေါ်ဟာဆီနာ ကပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ကန့်သတ်ချက်များကြောင့် UN၊ INGOs အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမရသည်မှာ သုံးလခန့်ကြာမြင့်နေပြီဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ အိုင်ဒီပီစခန်းက မိသားစုများအားလုံးမှာလည်း ဒေါ်ဟာဆီနာကဲ့သို့ မိသားစုစားသောက်ရေး အတွက် ထမင်းတစ်အိုး၊ အသီးအရွက်တစ်အိုးဖြင့် အဆင်ပြေသလို ဖြေရှင်းနေကြရသည်။

“စခန်းထဲကလူတွေ ခူးတာများလို့ တစ်ပင်တည်းရှိတဲ့ ဒန့်သလွန်ပင်တောင် အရွက်မထွက်တော့ဘူး”ဟု စစ်တွေမြို့ ဒါးပိုင်အိုင်ဒီပီစခန်းတွင်နေထိုင်သော ဒေါ်ဆေတာရာဘေဂေါင် ကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အိုင်ဒီပီစခန်းက မိသားစုဝင်တစ်သိန်းလေးသောင်းကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားတို့ကို ထောက်ပံ့ ပေးနေခြင်းဖြစ်ပြီး ကိုဗစ်ရောဂါထိန်းချုပ်မှုကြောင့် ကန့်သတ်ခံလိုက်သည့်အတွက် ပြီးခဲ့သည့် မေလကုန်ကစ၍ ရိက္ခာမရဖြစ်ကာ စားသောက်ရေးအခက်အခဲများကို ကြုံတွေ့ခဲ့ရသည်။

“တစ်နေ့ကို ကလေးတွေအတွက် မုန့်စရိတ်အပါအဝင် စားသောက်စရိတ်က ကျပ်ခုနစ်ထောင်လောက် ကုန်တယ်။ ရိက္ခာအထောက်အပံ့မရတာ သုံးလလောက်ရှိသွားပြီဆိုတော့ ထမင်းနပ်မှန်ဖို့ မနည်းရုန်းကန်နေရတယ်”ဟု စစ်တွေမြို့ ဒါးပိုင်အိုင်ဒီပီစခန်းက မလှလှမေ ကပြောသည်။

လွန်ခဲ့သော ကိုးနှစ်ကျော် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် မွတ်ဆလင်ဦးရေ တစ်သိန်းလေးသောင်းကျော်မှာ အိုင်ဒီပီစခန်းအသီးသီးတွင် နေထိုင်နေကြရပြီး ၎င်းတို့အတွက် လိုအပ်သော စားနပ်ရိက္ခာများကို အဓိကအားဖြင့် UN၊ INGOs အဖွဲ့အစည်းများကသာ ထောက်ပံ့ပေးလျက်ရှိသည်။

ထိုသို့ ထောက်ပံ့ရေးအစီစဉ်တွင်လည်း အစိုးရ၏ ခွင့်ပြုချက်မှာ အရေးပါနေသည့်အတွက် အစိုးရကအပြောင်း အလဲဖြစ်စဉ်ကလည်း အိုင်ဒီပီစခန်းရှိ မိသားစုဝင်များ ဝမ်းရေးအတွက် အရေးပါနေသည်ဟု ဒါးပိုင်စခန်းတာဝန်ခံ ဦးသိန်းမောင် ကပြောသည်။

“ကျနော်တို့စခန်းတွေကို ရိက္ခာဖြန့်မယ်ဆိုရင် အစိုးရခွင့်ပြုချက်လိုတယ်။ ကန့်သတ်ချက်တွေရှိတယ်”ဟု ၎င်းကဆိုသည်။

ရိက္ခာထောက်ပံ့မှုကို သုံးလခန့် ရပ်ဆိုင်းထားခဲ့ရာမှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ဩဂုတ် ၂၆ ရက်က စ၍ အိုင်ဒီပီစခန်းတွင် နေထိုင်လျက်ရှိသော လူတစ်ဦးကို ငွေကျပ်တစ်သောင်းငါးထောင် ကိုပြန်လည်ထောက်ပံ့ပေးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)သည် ထိလွယ်ရှလွယ်သူမိသားစုများအား လစဉ်ကူညီထောက်ပံ့ပေးနေသည့် စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့များကို ယခုအပတ်မှစတင်ကာ ရခိုင်ပြည်နယ်တွင် ပြန်လည်ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့(မြန်မာ)က ဩဂုတ် ၂၇ ရက်က ကြေညာခဲ့သည်။

“လူတစ်ဦးကို တစ်သောင်းငါးထောင်နှုန်းပေးတာပါ။ မိသားစု ငါးယောက်ရှိတဲ့အိမ်က ၇၅၀၀၀ ကျပ်ရပါတယ်။ အဲငွေနဲ့ပဲ လိုအပ်တာဝယ်ယူစားသောက်ရမှာဖြစ်ပါတယ်”ဟု ရိက္ခာငွေထောက်ပံ့ပေးနေသူတစ်ဦး ကပြောသည်။

ဒေါ်ဟာဆီနာတို့ နေထိုင်လျက်ရှိသော ဒါးပိုင်အိုင်ဒီပီစခန်းသည် စစ်တွေမြို့နယ် သဲချောင်းအိုင်ဒီပီစခန်းအနီးတွင်တည်ရှိပြီး သဲချောင်းအိုင်ဒီပီစခန်းမှာ ယခုအခါ စခန်းတစ်ခုအနေအထားမဟုတ်တော့ဘဲ ရပ်ကွက်တစ်ခုကဲ့သို့ နေအိမ်အဆောက်အဦးများ၊ ဈေးဆိုင်များဖြင့် စည်ကားနေပြီဖြစ်သဖြင့် ရိက္ခာအတွက် စားသောက်ကုန်များမရဘဲ ငွေကြေးရအကူအညီရရှိသည့်အတွက် ၎င်းတို့အနေဖြင့် လိုအပ်သော စားသောက်ကုန်များကို ဝယ်ယူရရှိခြင်းဖြင့် အဆင်ပြေနေသည်ဟု ဆိုသည်။

သို့သော် အလုပ်အကိုင်မရှိသောကြောင့် မိသားစုစားသောက်ရေးအတွက် အထောက်အပံ့များမှာ ပြတ်သွား၍ မရဟု ဒေါ်ဟာဆီနာက ဆက်ပြောသည်။

“စခန်းမှာရှိတဲ့လူတွေရဲ့ဒုက္ခက စားသောက်ရေးတစ်ခုတည်းမဟုတ်ပါဘူး။ အမျိုးသမီးတွေကလည်း ကလေးမွေးကြတယ်။ သူတို့အတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ငွေလိုတယ်”ဟု စစ်တွေမြို့နယ် ဒါးပိုင် အိုင်ဒီပီစခန်းက ကိုယ်ဝန် ခုနစ်လရှိပြီ ဖြစ်သော မတာရာဘီဘီ ကပြောသည်။

အထောက်အပံ့မရ၍ မိသားစုဝင်များအားလုံး ဒုက္ခရောက်ကြသော်လည်း မိခင်နှင့် ကလေးအတွက် အဟာရဖြည့်တင်း ရန်လိုအပ်နေသော ကိုယ်ဝန်ဆောင်များ၏ ဒုက္ခကပို၍ကြီးမားသည်ဟု မတာရာဘီဘီက ဆက်ပြောသည်။

အိုင်ဒီပီစခန်းများတွင် နေထိုင်ရသည့် မိသားစုဝင်များ၏ ဒုက္ခမျိုးစုံကို ဖြေရှင်းနိုင်ရန်အတွက် ရခိုင်ပြည်နယ်ရှိ အိုင်ဒီပီစခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာတစ်ခုကို ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော အစိုးရလက်ထက်က ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး လေ့လာတွေ့ရှိချက် အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဩဂုတ်လက အစိုးရအဖွဲ့ထံ တင်သွင်းခဲ့သည်။

အဆိုပါ အစီရင်ခံစာ၏ အကြံပြုချက်များအရ ရခိုင်ပြည်နယ်ရှိ အိုင်ဒီပီစခန်းများအားလုံးပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးအစီစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တော်နှင့် မြေပုံမြို့နယ်ရှိ အိုင်ဒီပီစခန်းတစ်ချို့ကို ပိတ်သိမ်း၍ နေရာချပေးနိုင်ခဲ့သည်။

ထို့နောက် ကျောက်ဖြူမြို့ရှိ ကျောက်တလုံးအိုင်ဒီပီစခန်းကို ပိတ်သိမ်းရေးအတွက် ဆောင်ရွက်နေဆဲ ကာလမှာပင် စစ်အာဏာသိမ်းမှုဖြစ်စဉ်များကြောင့် အိုင်ဒီပီအရေးအပါအဝင် ဒုက္ခသည်များအရေးတို့မှာ ကစဉ့်ကလျားဖြစ်လာခဲ့သည်။

အဆိုပါ အာဏာသိမ်းမှုက အိုင်ဒီပီစခန်းရှိမိသားစုဝင်များ ပြန်လည်နေရာချထားရေးအစီစဉ်သာမက ရိက္ခာရရှိမှု အခြေနေထိပါ ထိခိုက်လာခဲ့သည်။

“အာဏာသိမ်းမှုက ကျမတို့အတွက် မျှော်လင့်ချက်မဲ့သွားပြီ”ဟု ကျောက်ဖြူမြို့ ကျောက်တလုံးအိုင်ဒီပီ စခန်းက အမျိုးသမီးတစ်ဦးက ပြောသည်။

UN၊ INGOs အဖွဲ့များက ရိက္ခာထောက်ပံ့မှုရပ်ဆိုင်းထားသည့်အချိန်တွင် စခန်းအနီးရှိ ပိန်းခင်းများ၊ ဒန့်တလွန်ပင်များကိုသာ အားကိုး၍ မိသားစုဟင်းလျာအဖြစ် အများစားဆုံးစားခဲ့ရသည်ဟု စစ်တွေမြို့ ဒါးပိုင်အိုင်ဒီပီစခန်းရှိ မလှလှမေက အထောက်အပံ့မရခဲ့သည့်အချိန် စားသောက်ရေးအတွက် ဖြတ်ကျော်ခဲ့ပုံကို ပြောပြသည်။

“စားသောက်ရေးဘယ်လောက်ခက်ခဲလဲဆိုတာကို ကျမတို့မီးဖိုချောင်ကို ကြည့်ရင်သိပါတယ်”ဟု ပိန်းဥအိုးကို လက်ညှိုးညွန်၍ မလှလှမေ ကပြောသည်။

UN၊ INGOs အဖွဲ့များ၏ အကူညီအထောက်အပံ့ မရသည့်အချိန်တွင် စားသုံးရန်အတွက် သက္ကယ်ပြင်အိုင်ဒီပီစခန်းရှိ မြေကွက်လပ်တွင် ဟင်းသီးဟင်းရွက်ပင်တစ်ချို့ကို စိုက်ပျိုးထားသည်ဟု စစ်တွေမြို့ သက္ကယ်ပြင်အိုင်ဒီပီစခန်း တာဝန်ခံက အရေးပေါ်ရိက္ခာအတွက် ကြိုတင်ပြင်ဆင်ထားပုံကို ပြောသည်။

“အဓိက ဆန်တစ်ခုရှိဖို့အရေးကြီးတယ်။ ဆန်ရှိရင် တခြားအသီးအရွက်ကို လိုအပ်တဲ့အချိန် စားလို့ရအောင် စခန်းအနီးမှာ ကန်စွန်း၊ ခဝဲ၊ ဗူးပင်တွေကို စိုက်ပျိုးထားကြတယ်”ဟု ၎င်းကဆိုသည်။

အိုင်ဒီပီစခန်းများကို ရိက္ခာဖြန့်ဝေပေးမှု ဆိုင်းငံ့သွားခြင်းမှာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကြောင့် ရိက္ခာဖြန့်ဝေပေးမည့်သူများကို အသွားအလာကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကဘက်က ဆိုသည်။

ဩဂုတ်လကုန်ပိုင်းကစ၍ WFP ၏ထောက်ပံ့မှု ပြန်လည်စတင်ခဲ့သဖြင့် အသီးအရွက်နှင့်သာ သုံးလနီးပါးနှစ်ပါးသွားခဲ့ရသည့် ဒေါ်ဟာဆီနာတို့ မိသားစုထမင်းဝိုင်းတွင် အသားနှင့်ငါးဟင်းတို့ကို ရက်အနည်းငယ်ခန့် မြင်တွေ့ရတော့မည်ဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013