DVB Logo
Home
မြန်မာသတင်း
တရားမဝင်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၈ ခု ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် NUG သတိပေး
DVB
·
September 1, 2021
တရားမဝင်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၈ ခု ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် NUG သတိပေး
Donate to DVB

အကြမ်းဖက်စစ်ကောင်စီက ခွင့်ပြုလိုက်တဲ့ တရားမဝင်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း ၈ ခုအား  ခြွင်းချက်မရှိ ရပ်ဆိုင်းထားဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်ပါတယ်။

နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်ကောင်စီက တရားမဝင်လုယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့စပ်လျဉ်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးက မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတည်ပြုမိန့်၊ ခွင့်ပြုမိန့်တွေကို အလျင်စလို လက်လွတ်စပယ် ထုတ်ပေးနေတာဟာ ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ကို မျက်ကွယ်ပြုပြီး ကျော်လွန်ဆောင်ရွက်ရာရောက်တဲ့အတွက် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ပြည်ပရောက် မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်သူတဦးက “လာရောက်ရင်းနှီးမြှုပ်နှံသူတွေက သူတို့ကြည့်တာ အဓိက ၂ ချက်ပါပဲ။ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ စွန့်စားမှုရယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ စွန့်စားမှုရယ်။ ဒီနိုင်ငံဆီဝင်ရင် နိုင်ငံရေးအရ စွန့်စားမှုဘယ်လောက်ရှိမလဲ။ အဲ့ထဲမှာ တရားဥပဒေစိုးမိုးမှု၊ အစိုးရရဲ့ခိုင်မာမှု။ နိုင်ငံခြားငွေလဲလှယ်မှု တည်ငြိမ်သလား။ အခြေခံအဆောက်အအုံ ကောင်းသလား။ ဒါတွေသေချာ ကြည့်ပြီးတော့မှ ဝင်တယ်။ များသောအားဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာ သူ့အတွက် အကျိုးစီးပွားရှိမှ တွက်ခြေကိုက်မှပေါ့နော်။ နောက်တချက် တည်ငြိမ်နေတဲ့ တိုင်းပြည်မှာ သွားလုပ်ရင် အဲ့လောက် မရဘူးဗျ။ စီးပွားရေးလောကမှာပြောတာက high risk ၊   high return ပေါ့နော်။ စွန့်စားမှု များများတော့ ရှိမယ်၊ ဒါပေမဲ့ အကျိုးအမြတ်တွေက များများရမယ်ပေါ့နော်။ အဲ့ဒါက မြန်မာလို တိုင်းပြည်မှာ ရှိတယ်ဗျ။ စွန့်စားမှု နည်းရင် အမြတ်ကလည်း နည်းမှာပေါ့။ လူတကာ လာလုပ်လို့ရရင် အပြိုင်အဆိုင်လာလုပ်ရမှာပေါ့နော်။ ဒီတော့ အပြိုင်အဆိုင်ကလည်း ရှိတယ်၊ ရရှိတဲ့ အကျိုးအမြတ်ကလည်း နည်းတယ်။ ဒီလိုအချိန်မှာ ဘယ်သူမှလည်း မလာချင်ဘူး။ လုပ်စရာ ခွင်ကလည်း ရှိနေတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် မြန်မာနိုင်ငံမှာ လုပ်စရာတွေစီးပွားရေး အကွက်အကွင်းတွေက အများကြီးပဲ။ ဘယ်စီးပွားရေးကဏ္ဍကိုပဲကြည့်ကြည့်ပေါ့နော်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက မြန်မာပြည်ကို (Greenfield) အလုပ်လုပ်ကိုင်လို့ကောင်းတဲ့ မြက်ခင်းစိမ်းလို့ ခေါ်ကြတယ်။ အခုက ကိုဗစ်နဲ့ နိုင်ငံရေးကြောင့်သာ တန့်နေတာလေ။ မြန်မာပြည်ကို အခုအချိန်မျိုး high risk ၊   high return သမားတွေလာနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုထားတဲ့ လုပ်ငန်း ၈ ခုမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန် ၊ British Virgin Island နိုင်ငံက ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတွေ ပါဝင်တာတွေ့ရပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးကလည်း “ကော်ပိုရေးရှင်းအကြီးကြီးတွေကတော့ လာမှာမဟုတ်ဘူး။ ဘာလို့လဲဆို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို သူတို့က အထူးဂရုစိုက်ပြီး လိုက်နာရတယ်။ သူတို့နိုင်ငံတွေကလည်း ဒါနဲ့ပတ်သက်  တင်းတင်းကျပ်ကျပ်  သတ်မှတ်ထားတယ်။ ဥပမာ ဒီမိုကရေစီမရှိတဲ့ တိုင်းပြည်ဆိုရင် စီးပွားရေးသွားမလုပ်နဲ့။ လူ့အခွင့်အရေး မလိုက်နာတဲ့ တိုင်းပြည်တွေဆို စီးပွားရေးသွားမလုပ်နဲ့ဆိုတာမျိုးပေါ့။ အဲ့တော့ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေ ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေက လာမှာမဟုတ်ဘူး။ စစ်အစိုးရနဲ့ ရင်းနှီးတဲ့သူ ဒါမှမဟုတ် စစ်အစိုးရနဲ့ အကျိုးစီးပွား ချင်းတူတဲ့သူတွေကတော့ လာကြမှာဘဲ။ အရင်တုန်းကလည်း ပေါချောင်ကောင်း ပရောဂျက်အကြီးကြီးတွေ တရုပ်ဆီပေးလိုက်တယ်။ ပတ်ဝန်းကျင်ပျက်စီးတာတွေ ဂရုမစိုက်ဘူး။ နောက်ပိုင်းမှာ ဘာပြဿနာတက်လာနိုင်လဲဆိုရင် နည်းနည်းလွတ်လပ်လာတဲ့အချိန်မှာ ဒါတွေက တာဝန်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုရှိသလို လူ့အခွင့်အရေးကိုလည်း မလိုက်နာဘူးပေါ့။ ဒါမျိုးတွေ စွပ်စွဲလာရင် သူတို့ ပြန်ဖြေရှင်းရမှာပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အတိတ်မှာလည်း စစ်တပ်အုပ်ချုပ်မှုအောက်မှာ လက်လွတ်စပယ် စီမံကိန်းတွေကို ချပေးလိုက်လို့ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရပြီး နိုင်ငံသူ၊နိုင်ငံသားတွေမှာ ဆင်းရဲတွင်းထဲက အခုအချိန်အထိ ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် လူထုရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေများစွာ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013