DVB Logo
Home
မြန်မာသတင်း
ကင်းမနှင့်ဝန်ခြုံးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နယ်မြေထိန်းချုပ်ရန် ကြိုးစား
DVB
·
August 31, 2021
ကင်းမနှင့်ဝန်ခြုံးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နယ်မြေထိန်းချုပ်ရန် ကြိုးစား
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း  ကင်းမရွာနဲ့ ဝန်ခြုံးရွာကို စစ်ကောင်စီတပ်တွေက  ဩဂုတ် ၃၁ ရက်မနက်  ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာကိုတော့ ဒီနေ့ မွန်းတည့်  ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ 

ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်သားအင်အား ၂၀၀ ကျော်က စစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်နေတယ်လို့ ပေါက်မြို့နယ်တောင်ပိုင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီက စစ်ကြောင်းစထိုးခဲ့တာဖြစ်ပြီး ပင်လောင်ရွာကနေ စစ်ကြောင်းတစ်ခု၊ ပုသိမ်-မုံရွာလမ်း ထန်းတောလယ်ရွာဘက်ကနေ စစ်ကြောင်းတစ်ခု စုစုပေါင်းစစ်ကြောင်းနှစ်ခုနဲ့ ပေါက်မြို့နယ်တောင်ပိုင်းကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ 

ဒေသခံ PDF တွေက ပြောက်ကျားစနစ်နဲ့တုံ့ပြန်တာကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒေသခံ PDF တွေဟာ လက်နက်အင်အား လူအင်အားမမျှတဲ့အတွက် နောက်ဆုတ်ခုခံနေရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက "ကင်းမရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တော့ ပြည်သူ ၂ ယောက်လက်နက်ကြီးထိပြီး သေဆုံးတာရှိတယ်။ ကျနော်တို့ ပြောက်ကျားအဖွဲ့ကလည်း လက်နက်အင်အားမမျှတော့ ပြန်ဆုတ်ပေးလိုက်ရတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီကကင်းမရွာနဲ့ ဝန်ခြုံးရွာတွေမှာ PDF တွေ၏ရှိနေတယ်လို့ယူဆတဲ့အတွက် ထိုးစစ်ဆင်နေတာလို့ ကင်းမရွာသားတစ်ယောက်က ခန့်မှန်းပါတယ်။ 

ကင်းမရွာတစ်ခုတည်းကို စစ်ကောင်စီတပ်သား ၆၀ ကျော်အသုံးပြု ထိုးစစ်ဆင်နေတာဖြစ်ပြီး မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ လက်နက်ကြီးနဲ့ ၁၅ ချက်ကျော်ပစ်ခတ်ခဲ့ပါတယ်။ 

ရွာသားတွေဟာ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်းမာရေးနဲ့စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေပါတယ်။ ဒီနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေက ပေါက်မြို့နယ် ကင်းမရွာကို ဇွန်လ ၁၅ ရက်နေ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာသားတွေဟာ တောထဲမှာ ပုန်းရှောင်နေရပါတယ်။ ဝန်ခြုံးရွာက နေအိမ်တချို့ကိုတော့ ဇူလိုင် ၃၁ရက်နေ့မှာ စစ်ကောင်စီကအကြမ်းဖက်မီးရှို့ခဲ့ပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းတစ်လျှောက်ကျေးရွာတွေက ဒေသခံရွာသားတွေဟာ စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးနေတဲ့အတွက် တောထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီကတော့ ကင်းမရွာကို သူတို့မီးရှို့တာမဟုတ်ဘဲ ရွာသားတွေက ကိုယ့်ဘာသာရှို့တာလို့ ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ- ဇွန်လ ၁၅ ရက်နေ့ ကင်းမရွာ မီးရှိ့ဖျက်ဆီးခံရစဉ်က ပုံဟောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013