DVB Logo
Home
ကျန်းမာရေး
ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန် အမှားများ
DVB
·
August 29, 2021
ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန် အမှားများ
Donate to DVB

ကိုဗစ် ကာကွယ်ဆေး ထိုးမယ်ဆို ဆေးအကြောင်းတင် မကပါဘူး။ ဆေးနဲ့ ပတ်သက်တဲ့ မဟုတ်တဲ့ သတင်းကိုပါ သိထားသင့်ပါတယ်။ မရှင်းတာရှိရင်လည်း မထိုးခင်မှာ ဆရာဝန်ကို သေချာ မေးမြန်းသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဆေးထိုးပြီးရင် ဒါတွေ ဖြစ်တတ်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ကာကွယ်ဆေး မထိုးလိုက်ရရင် ကိုယ်ပဲ နစ်နာသွားနိုင်ပါတယ်။

ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန်အမှားများ

  • ကိုဗစ်ကာကွယ်ဆေးမှာ မိုက်ခရိုချစ်တွေ ပါတယ်။

ကိုဗစ်ကာကွယ်ဆေးက ရောဂါကာကွယ်ဖို့ပဲ ထုတ်ထားတာပါ။ လူတွေကို စုံစမ်း ထောက်လှမ်းဖို့ မဟုတ်ပါဘူး။ ကာကွယ်ဆေးမှာ ခုခံအားကို ထွက်စေတဲ့ ပစ္စည်းတွေပဲ ပါပါတယ်။ ဒီလို ပစ္စည်းတွေ မပါပါဘူး။ ကာကွယ်ဆေးထိုးပြီးရင် ရောဂါပိုး ကူးထားသလိုပဲ ခုခံအား ရအောင် ထုတ်လုပ်ထားတာပါ။

  • ကိုဗစ်ကာကွယ်ဆေးက သံလိုက်ဆက်ကွင်းကို ဖြစ်စေတယ်။

ကိုဗစ်ကာာကွယ်ဆေးထိုးလို့ သင့်မှာ သံလိုက်စက်ကွင်းလို ဖြစ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ ထိုးပေးတဲ့ လက်မောင်းအပါအဝင် ဘယ်နေရာမှာမှ သံလိုက် စက်ကွင်း မဖြစ်ပါဘူး။ ဒါ့ပြင် ကိုဗစ်ကာကွယ်ဆေးမှာ သတ္တုဓာတ်တွေလည်း မပါပါဘူး။ ဒါကြောင့် စိတ်ချလက်ချ ထိုးလို့ရပါတယ်။

  • ကိုဗစ်ကာကွယ်ဆေးမှာ ကိုဗစ်ပိုးတွေပါတယ်။ 

လက်ရှိကိုဗစ်ကာကွယ်ဆေးတွေမှာတော့ ကိုဗစ်ပိုးတွေ မပါဘူး။ ဥပမာ အနောက်နိုင်ငံထုတ် Pfizer ကာကွယ်ဆေးဆို ပိုးရဲ့ မျိုးဗီဇ mRNAပဲ ပါပါတယ်။ ယူကေက အောက်ဖို့ဒ် ASTRAZENECAဆို ကိုဗစ်မျိုးဗီဇကို လူမှာ အန္တရာယ် မပေးနိုင်တဲ့ တခြားဗိုင်းရပ်စ်ထဲ ထည့်မွေးထားတဲ့ Viral vector ကာကွယ်ဆေးပါ။ တရုတ်ကိုဗစ်ကာကွယ်ဆေးတွေကတော့ Inactivated vaccineလို့ ခေါ်တဲ့ ဗိုင်းရပ်စ်အသေတွေ၊ မပွားနိုင်တဲ့ ဗိုင်းရပ်စ်တွေပဲ ပါပါတယ်။

လက်ရှိကိုဗစ်ကာကွယ်ဆေးတွေမှာ ဗိုင်းရပ်စ်အရှင်ပါတာ မရှိသေးပါဘူး။

  • ကလေးယူဖို့ စီစဉ်ထားရင် ကိုဗစ်ကာကွယ်ဆေး ထိုးလို့ မရဘူးဆို။

ထိုးလို့ရပါတယ်။ နောက်ပိုင်းမှာ ယူဖို့ စီစဉ်ထားရင် ပိုတောင် ထိုးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ကိုဗစ်ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ထားတာမျိုး မရှိလို့ အာနိသင်၊ ဘေးထွက်ဆိုးကျိုးတွေကို ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေက ကိုဗစ်ဖြစ်ရင် ဆိုးနိုင်တဲ့အထဲမှာ ပါပါတယ်။ ကိုယ်ဝန်ရမှ ဆေးထိုးရင် ကောင်းမလား စဉ်းစားနေမယ့်အစား ခုလို လွတ်လပ်တုန်း ထိုးထားပါ။

လက်ရှိအချိန်မှာတော့ ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးရင် ကြီးကြီးမားမားထိခိုက်နိုင်တယ်ဆိုတာမျိုး မတွေ့ရသေးပါဘူး။ ဒါ့ပြင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးတွေ မြုံသွားတယ်ဆိုတာမျိုးလည်း မရှိသေးပါဘူး။

  • ကာကွယ်ဆေး ထိုးရင် မျိုးဗီဇပြောင်းသွားမှာလား။

ကိုဗစ်ကာကွယ်ဆေးတွေက mRNAက ပါတယ်ဆိုတော့ ထိုးပြီးရင် လူရဲ့ မျိုးဗီဇ DNAမှာ ပြောင်းသွားနိုင်လားလို့ မေးစရာ ရှိပါတယ်။ ကာကွယ်ဆေးမှာ ပါတဲ့ mRNAတွေ Viral vectorတွေက ကိုယ်ထဲက ခုခံအားကို လှုံ့ဆော်ရုံသက်သက်ပါပဲ။ လူရဲ့ မျိုးဗီဇကို ထိခိုက်မှု မရှိပါဘူး။ ပြောင်းဖို့ မပြောနဲ့။ DNAရှိတဲ့ လူရဲ့ ဆဲလ်ထဲကိုတောင် မဝင်နိုင်ပါဘူး။

  • ကိုဗစ်ကာကွယ်ဆေး ထိုးပြီး Antigenစစ်ရင် ပေါ့စတစ် ထွက်နိုင်လား။

Antigenစစ်လို့ ပေါ့စတစ်ထွက်တယ်ဆိုတာ လောလောဆယ် ကိုဗစ်ဖြစ်နေလားဆိုတာကို ပြတာပါ။ ကာကွယ်ဆေးထိုးပြီးလို့ စစ်ရင် ပေါ့စတစ် မထွက်ပါဘူး။ ပြီးတော့ ကာကွယ်ဆေးထိုးပြီးလို့ ခုခံအား ရမရကို လက်ရှိမှာ သုံးနေတဲ့ Antibody test kitတွေနဲ့ စစ်လို့ မရပါဘူး။

  • ကာကွယ်ဆေး ထိုးပြီး ရာသီထိမ်သွားတတ်သလား။

ကာကွယ်ဆေးကြောင့် ရာသီထိမ်တာမျိုး မဖြစ်တတ်ပါဘူး။ ရာသီလာနေလည်း ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ရာသီလာတာကို အပြောင်းအလဲဖြစ်နေနိုင်တဲ့ အချက်တွေ အများကြီး ရှိပါတဘ်။ စိတ်ဖိစီးမှုတွေ၊ အိပ်ရေးပျက်တာတွေ၊ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေက ရာသီလာတာကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ ကိုဗစ်ဖြစ်နေရင်လည်း စိတ်ဖိစီးပြီး ရာသီထိမ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးမှ ရာသီထိမ်တယ်၊ နောက်ကျတယ်ဆိုရင် တိုက်ဆိုင်မှု တစ်ခုခု ရှိတာ ဖြစ်နိုင်ပါတယ်။

ရေးသားသူ Dr. Htet Htet Zaw Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013