DVB Logo
Home
မြန်မာသတင်း
တရားမဝင်ငွေစက္ကူရိုက်ထုတ်ရန် စစ်ကောင်စီအား ကူညီပေးနေသူများကို NUG သတိပေး
DVB
·
August 28, 2021
တရားမဝင်ငွေစက္ကူရိုက်ထုတ်ရန် စစ်ကောင်စီအား ကူညီပေးနေသူများကို NUG သတိပေး
Donate to DVB

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေနေတာကို အားပေးအားမြောက် ကူညီတဲ့ စီးပွားရေးလုပ်ငန်းတွေကို မှတ်တမ်းပြု အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်ပါတယ်။

NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦတင်ထွန်းနိုင်က သြဂုတ် ၂၇ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာကျပ်ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ဖို့ ငွေစက္ကူပုံနှိပ်လုပ်ငန်းဝန်ဆောင်မှုပေးတဲ့ ပြည်ပကုမ္ပဏီတွေထံ ချဉ်းကပ်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ လက်ခံရရှိထားတယ်လို့လည်း ပြောပါတယ်။

ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းလုပ်ငန်းဟာ နိုင်ငံတခုရဲ့ တရားဝင်အစိုးရကသာ လုပ်ပိုင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ NUG အစိုးရအနေနဲ့  မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၆ အရ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား မတရားသင်းအဖြစ် အတိအလင်းကြေညာထားပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၈ အရ အိမ်စောင့်အစိုးရအမည်ခံ စစ်ကောင်စီမှဖြစ်စေ၊ ယင်းကိုဆက်ခံတဲ့ အဖွဲ့အစည်းတခုခုမှဖြစ်စေ၊ ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းတခုခုမှဖြစ်စေ ငွေစက္ကူရိုက်နှိပ် ထုတ်ဝေတာဟာ တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပမှ ကုမ္ပဏီတွေအနေနဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ လုပ်ငန်းကို တနည်းနည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကုန်ကြမ်းပစ္စည်းနဲ့ နည်းပညာ အထောက်အပံ့ပေးတာတွေကို အထူးရှောင်ရှားကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်တ့ပ်က ငွေစက္ကူသစ်တွေရိုက်နှိပ်ထုတ်ဝေလာနိုင်တဲ့အတွက်  NUG အစိုးရအနေနဲ့ ပြီးခဲ့တဲ့ မတ်လက မြန်မာငွေစက္ကူအတွက်လိုအပ်တဲ့ စက္ကူ၊မင်၊ ကုန်ကြမ်းတွေအပြင် စက်အရန်ပစ္စည်းနဲ့ နည်းပညာအကူအညီအားလုံးကို  မတ်လ ၃၁ ရက်နောက်ဆုံး ထားပြီး ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာရှိပါတယ်။

ဒီတောင်းဆိုမှုကြောင့် ဂျာမနီနိုင်ငံမှ Giesecke Devrient ကုမ္ပဏီက သတ်မှတ်ရက်အတိုင်း ရပ်ဆိုင်းပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေနေတဲ့ အကြောင်း အတည်ပြုခဲ့ပေမယ့် ဘယ်နိုင်ငံ အကူအညီနဲ့ ဆောင်ရွက်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသေး ပါဘူး။

ပြည်တွင်းငွေကြေးလှည့်ပတ်စီးဆင်းမှုမှာတော့ နိုင်ငံတော်ဗဟိုဘဏ်က အသစ်ရိုက်နှိပ်တဲ့ ငွေစက္ကူတွေက ပြည်သူတွေရဲ့ လက်ထဲမှာ ရောက်နေပြီး တချို့ငွေစက္ကူတွေမှာ ဆေးသားအရောင်ပျက်နေတာကြောင့် သုံးစွဲသူတွေကြားမှာ သံသယံစိတ်နဲ့ သုံးစွဲနေကြရတာလည်း တွေ့နေရပါတယ်။

ကမ္ဘာ့ဘဏ်က  မြန်မာ့စီးပွားရေးအပါ် ခန့်မှန်းချက်အရ ငွေကြေးဖောင်းပွမှုနှုန်းက ပြီးခဲ့တဲ့ ၂၀၂၀ မှာ ၅ ဒသမ၈ ရာခိုင်နှုန်း ရှိခဲ့ပြီး အခု ၂၀၂၁ ခုနှစ်မှာ ၆ ရာခိုင်နှုန်း ရှိမယ်လို့ တွက်ချက်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် ငွေစက္ကူအသစ်တွေကြောင့် ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းက ကိန်းဂဏန်း ( two digit) ၂ လုံး အထိရှိလာနိုင်တယ်လို့ မြန်မာပြည်ဆိုင်ရာလွတ်လပ်သောစီးပွားရေးပညာရှင်များ အဖွဲ့ကသတိပေးထားပါတယ်။

တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတာကြောင့်  ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့  ချွေးနှဲ စာစုဆောင်းငွေတွေကို  တဖက်လှည့်ခိုးယူတာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြောပါတယ်။

ဒါကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် အရင်က မကြုံဖူးတဲ့ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်မှာ အိမ်ထောင်စုတွေ၊ စီးပွား ရေးလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည်သူလူထုအပေါ် ထပ်မံ ဒုက္ခအကျပ်အတည်း ဆိုက်ရောက်စေတဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုကို သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိဘူးလို့ NUG ကသတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013