DVB Logo
Home
Lead Story
NUG ကို နိုင်ငံတကာက ဘယ်လိုအသိမှတ်ပြုမလဲ
DVB
·
August 28, 2021
NUG ကို နိုင်ငံတကာက ဘယ်လိုအသိမှတ်ပြုမလဲ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ်  နိုင်ငံတကာက သံတမန်ရေးအရအသိအမှတ်ပြုမှု ရှေ့ဆက်ပြီး ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။ 

စစ်အာဏာသိမ်းခံရတဲ့ အစိုးရတရပ်အပေါ်  သံတမန်ရေးအရ ပြောင်ပြောင်တင်းတင်း အသိအမှတ်ပြုမှု (Explicit Recognition)၊ ပြောင်ပြောင်တင်းတင်းနီးပါး အသိအမှတ်ပြုမှု (Almost Explicit Recognition)နဲ့ သွယ်ဝိုက်အသိအမှတ်ပြုမှု (Implicit Recognition) ဆိုတဲ့ ပုံစံသုံးမျိုးနဲ့ နိုင်ငံတကာအစိုးရတွေက ဆက်ဆံကြပါတယ်။  အဲဒီပုံစံတွေက ဘယ်လို ကွာခြားကြသလဲ။

ပြောင်ပြောင်တင်းတင်းအသိအမှတ်ပြုမှု (Explicit Recognition) နဲ့ဆက်ဆံရင် အဲဒီအစိုးရတွေ ရေးမယ့်စာသားပုံစံက "အမျိုးသားညီညွတ်ရေးအစိုးရကိုသာ မြန်မာနိုင်ငံ၏ တခုတည်းသော တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုပါသည်" လို့ ရေးပါလိမ့်မယ်။ သွယ်ဝိုက်အသိအမှတ်ပြုမှု (Implicit Recognition) မျိုးဆိုရင် ရေးသားတဲ့ပုံစံက "မြန်မာပြည်သူများ၏ဆန္ဒဖြင့် ကိုက်ညီသောလမ်းစဉ်ဖြင့် မြန်မာပြည်၏လက်ရှိအခြေအနေအား ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် စဉ်ဆက်မပြတ်ဆက်လက်ပြီး တွေ့ဆုံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်"လို့ အခု တောင်ကိုရီးယားအစိုးရ ရေးသလို‌ ရေးပါလိမ့်မယ်။ အဲဒီတော့ မကြာခင်မှာပဲ တောင်ကိုရီးယားအစိုးရက သွယ်ဝိုက်အသိအမှတ်ပြုမှု (Implicit Recognition) လုပ်ခဲ့သလိုပဲ တခြားသောနိုင်ငံတွေကလည်း အလားတူပဲ သွယ်ဝိုက်အသိအမှတ်ပြုတွေ လုပ်လာကြပါလိမ့်မယ်။ 

ချက်နိုင်ငံအစိုးရကတော့ "ပြောင်ပြောင်တင်းတင်းနီးပါး အသိအမှတ်ပြုမှု (Almost Explicit Recognition)" ပေးခဲ့ပြီးပါပြီ။ (နိုင်ငံခြား‌ရေးဒုဝန်ကြီး မာတင်တလာပါက NUGရဲ့ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်ကို ကိုယ်စားလှယ်ခန့်အပ်ခံရမှုအတွက် ဝမ်းမြောက်ကြောင်း သွယ်ဝိုက်အသိအမှတ်ပြုတဲ့ပုံစံကနေ NUGကို တိုက်ရိုက်နီးပါး အသိအမှတ်ပြုပေးမှု စတင်ခဲ့ပါတယ်)။ ဩစတြေးလျနိုင်ငံကလည်း အမျိုးသားညီညွတ်ရေးအစိုးရဘက်က ခန့်ထားတဲ့ကိုယ်စားလှယ်နဲ့ဆက်သွယ် ဆောင်ရွက်လေ့ရှိတယ်ဆိုတော့ ဒါက သွယ်ဝိုက်အသိအမှတ်ပြုမှု (Implicit Recognition) လို့ပဲ ယူဆရပါလိမ့်မယ်။

ဒီနေရာမှာ ထူးဆန်းတာက ကုလသမဂ္ဂရဲ့ အမြဲတမ်းလုံခြုံရေးကောင်စီအဖွဲ့ဝင် ငါးနိုင်ငံထဲက တနိုင်ငံဖြစ်တဲ့ အိမ်နီးချင်းတရုတ်ပြည်မအစိုးရရဲ့  ရပ်တည်ချက်ပါ။ တောင်ကိုရီးယားအစိုးရ လုပ်သလိုမျိုးတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပဲ ဆက်သွယ်မယ်လို့ အဓိပ္ပာယ်ရတဲ့ စာသားမျိုးထုတ်ပြီး သွယ်ဝိုက်အသိအမှတ်ပြုမှုပေးတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဇူလိုင်လ ၂၀ ရက်ဝန်းကျင်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပေးပို့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့သဝဏ်လွှာအရ ကြည့်မယ်ဆိုရင်တော့ စစ်တပ်နဲ့ အန်အယ်လ်ဒီကို "နှစ်ဖက်အုပ်စု ( both parties)" လို့ ရည်ညွှန်းသွားပါတယ် ။ "နှစ်ဖက်အုပ်စု"လို့သုံးတာက သံတမန်ရေးမှာ အဓိပ္ပာယ်အများကြီး သက်ရောက်မှုရှိပါတယ်။

အဲဒီသဝဏ်လွှာမတိုင်ခင်က တရုတ်ပြည်မအစိုးရရဲ့ တိုက်တွန်းသမျှစာတွေကိုကြည့်ရင် "သက်ဆိုင်သူများအားလုံးသို့" လို့ဆိုပြီး သုံးရုံပဲသုံးပြီး သက်ဆိုင်သူဘယ်သူဆိုတာ သိသာစေမယ့် စကားလုံးအတိအကျကို မသုံးဘဲ အခုကျမှ စာလုံးပြောင်းလာပါတယ် (တရုတ်ရေးရာ လေ့လာသုံးသပ်တဲ့ ကျောင်းသားတယောက် ထောက်ပြဖူးတဲ့အချက်အရ အဲဒီလို သိပ်မသိသာတဲ့ ပြောင်းလဲမှုအသေးစားတွေ ရှိနေပါတယ်)။

ဒါက ဘာကိုပြနေလဲဆိုတော့ တရုတ်ပြည်မအစိုးရရဲ့သဘောထားကိုက စစ်ကောင်စီ Vs NUG (အန်အယ်လ်ဒီပါတီအပါအဝင်) ဘယ်သူပဲနိုင်နိုင် အသိအမှတ်ပြုမယ်ဆိုတဲ့သဘောဆောင်ပါတယ်။ ပြောရရင် တရုတ်က ဇူလိုင် ၂၀ နောက်ပိုင်းကစပြီး စကစနဲ့ NUG အစိုးရကြား နှစ်ဖက်ခွစားထားမယ့်သဘော စတင်‌ခြေလှမ်း‌ပြောင်းနေတယ်လို့ ယူဆလို့ ရနိုင်ပါတယ်။ အရပ်စကားနဲ့ပြောရရင် "မင်းတို့နှစ်ကောင် ချတဲ့ပွဲမှာ နိုင်တဲ့ကောင်ကို ငါတို့ အသိအမှတ်ပြုမယ်ကွာ" လို့ ပါးစပ်ကထည့်မပြောရုံတမယ်ပါပဲ။

ရုရှားကတော့ တရုတ်လို နှစ်ဖက်ခွတာမျိုးမလုပ်ဘဲ အဆုံးထိ မအလကိုပဲ ကူသွားမယ့်သဘောပါ။ (ပြောရရင် ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးမှာ လစ်ဗျားမှာ တရုတ်အစိုးရကတောင်မှ အာဏာရှင်ကဒါဖီနဲ့ လစ်ဗျားဒီမိုကရေစီအင်အားစုတွေကြား ကြားနေပြီး လက်ရှောင်ချိန်၊ ရုရှားက လုံခြုံရေးကောင်စီမဲခွဲတာမှာသာ ကြားနေမဲပေးပေမဲ့ လက်တွေ့မှာတော့ အဆုံးသတ်အထိ အာဏာရှင် ကဒါဖီဘက်ကပဲ ရပ်တည်သွားခဲ့ပြီး ကဒါဖီကို ရုရှားအထိ ပြေးမယ်ဆိုရင်တောင် ခိုလှုံခွင့်ပေးမယ်ဆိုတာအထိ ကမ်းလှမ်းခဲ့ပါတယ်၊ ကဒါဖီက လက်မခံခဲ့တာက လွဲရင်ပေါ့ )။

ဒါ့အပြင် လုံခြုံရေးကောင်စီ ငါးနိုင်ငံထဲ ပြင်သစ်ကလည်း စာသာတရားဝင်မထုတ်ပြန်သေးရင် ရှိမယ်၊ ပြင်သစ်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ လုပ်ဆောင်မှုတွေအရ သွယ်ဝိုက်အသိအမှတ်ပြုမှု ရနိုင်ခြေအရမ်းများပါတယ်။ ဗြိတိန်ကတော့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့  အစီရင်ခံစာအရ ယူဆကြည့်ရင် "ကိုယ့်လက်ထဲ ထိန်းချုပ်ခွင့်ရမယ့် နယ်မြေ‌တွေသာ မြန်မြန်နဲ့များများသိမ်း၊ အသိအမှတ်ပြုမှု သူတို့ဆီကလာမယ်" ဆိုတဲ့သဘောပဲ။ (ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲ စကစကိုကူညီတဲ့ ရုရှားပြီးရင် အတော်လေးကို ဒုတိယမြောက် လူပါးပုလင်းအထိဆုံး အစိုးရရဲ့ တုံ့ပြန်မှုပုံစံလို့တောင်ပြောရမယ်)။ 

အမေရိကန်အစိုးရရယ်၊ အမေရိကန်ဦးဆောင်လွှမ်းမိုးနေတဲ့ ကုလသမဂ္ဂအဖွဲ့ရယ်ကတော့ ဘောလုံးပွဲစကားနဲ့ပြောရင် "ဦးကျော်မိုးထွန်းကို သံတမန်ရေးအရ မြန်မာရဲ့ ‌ရှေ့တန်းတိုက်စစ်မှူးသဘော အထောင်ထားပြီး အရာရာတိုင်းမှာ NUGကို သွယ်ဝိုက်အသိအမှတ်ပြုမှု တိုက်ရိုက်ပေးတာမျိုးမလုပ်ဘဲ၊ ဦးကျော်မိုးထွန်းကနေတဆင့် ပေးတာမျိုးပဲ ဖြစ်မယ့်သဘော" လို့ အနှစ်ချုပ် ယူဆလိုက်လို့ရပါတယ်။

ဆိုလိုတာက အဲဒီလိုပေးတဲ့အခါမှာ ဦးကျော်မိုးထွန်းကို "ကုလသမဂ္ဂဆိုင်ရာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အမြဲတမ်းကိုယ်စားလှယ်" အဖြစ် တိုက်ရိုက်အသိအမှတ်ပြုပေးတာမျိုးမဟုတ်ဘဲ "အာဏာသိမ်းခံရတဲ့ အန်အယ်လ်ဒီပါတီဦးဆောင်တဲ့ အရပ်သားအစိုးရ ( ၂၀၁၆ မတ်လ ၃၀ရက် မှ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကြား လေးနှစ်၊ ဆယ်လနဲ့ တစ်ရက်ကြာ ကာလသက်တမ်းရှိ) က ခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်" အဖြစ် သွယ်ဝိုက် အသိအမှတ်ပြုမှုပေးမယ့်သဘော ရှိပါတယ်။

ဥပမာအားဖြင့် အာဖဂန်နစ္စတန်မှာ ဖြုတ်ချခံရပြီး နိုင်ငံမြောက်ပိုင်းကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဂျမားအစ္စလာမ်မစ်မူဂျာဟီဒင်အစိုးရရဲ့  အရပ်သားသမ္မတ ဘဟာနူဒင်ရာဘာနီနဲ့ ကာကွယ်ရေးဝန်ကြီး  အာမက်ရှားမာဆွဒ်ခေါင်းဆောင်တဲ့ ၁၉၉၂ နဲ့ ၁၉၉၆ ကြား ဖွဲ့ခဲ့တဲ့အရပ်သားအစိုးရက ခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန် အမြဲတမ်းကိုယ်စားလှယ်ကို  ၁၉၉၆ နဲ့ ၂၀၀၁ ကြားငါးနှစ်အတွင်း ကုလသမဂ္ဂမှာ အာဖဂန်နစ္စတန် ကိုယ်စားပြုအနေနဲ့  ဆက်လက်အသိအမှတ်ပြုခဲ့တဲ့ ပုံစံမျိုးပါပဲ။

(၁၉၈၂  နဲ့ ၁၉၉၃ခု နှစ်ကြား ကမ္ဘောဒီးယားပုံစံ နှစ်ဖက်လုံးက တင်တဲ့ကိုယ်စားလှယ် ဘယ်သူ့ကိုမှ မပေးတာမျိုးတော့ လုပ်မယ်မထင်ပါဘူး။ အခုလက်ရှိ နိုင်ငံအတော်များများက အန်ယူဂျီကို ပေးလာနေတဲ့ Implicit Recognition အတိုင်းသာ ဆက်သွားမယ်ဆိုရင်ပေါ့) ။

ဒီတော့ကာ အနှစ်ချုပ်ရင် သံတမန်ရေးစစ်မျက်နှာမှာတော့ ကျနော်တို့မြန်မာပြည်သူတွေ လိုချင်တဲ့ သတင်းကောင်းတွေ ဆက်ကြားရဖို့က ရာခိုင်နှုန်းအတော်များပါတယ်။ အဲဒီအတွက် လက်နက်ကိုင်တော်လှန်တဲ့ စစ်ရေးအဆုံးအဖြတ်မှာ အသာရဖို့ကတော့ လှူစရာရှိတဲ့လူတွေကလှူ၊ တိုက်စရာရှိတာ ဆက်တိုက်ကြရင်းနဲ့ပဲ ကျနော်တို့ရဲ့ အဆုံးသတ်အောင်ပွဲဆီ ရောက်လာမယ့်သဘောလို့ပဲ ယုံကြည်ကြရပါလိမ့်မယ်။

နေထက်ရှိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013