DVB Logo
Home
မြန်မာသတင်း
မီဒီယာများ၏ အကောင်းပြောမခံရဟု မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ပြော
DVB
·
August 28, 2021
မီဒီယာများ၏ အကောင်းပြောမခံရဟု မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ပြော
Donate to DVB

မီဒီယာတွေမှာ အကောင်းမပြောခံရသလို အကောင်းလည်း မရေးခံရကြောင်းနဲ့ ဒါဟာ  သူတို့လိုချင်တဲ့ အစိုးရမဟုတ်လို့ဖြစ်တယ်လို့  အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

ဩဂုတ် ၂၆ ရက်ထုတ် ရုရှား Politic Magazine မှာဖော်ပြထား မေးမြန်းခန်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်တာပါ။

နိုင်ငံတကာမီဒီယာတွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဖျက်သဘောဆောင်တဲ့ သတင်းအမှားတွေကိုသာ ရေးသားထုတ်လွှင့်နေကြတယ် ဒါနဲ့ ပတ်သက်ပြီး လက်ရှိစစ်ကောင်စီအနေနဲ့ ကမ္ဘာ့သတင်းမီဒီယာတွေကို ဖြစ်စဉ်အမှန်၊ သတင်းအမှန် ရရှိနိုင်ဖို့ ဘယ်လိုလုပ်ငန်းစဉ်တွေစီစဉ်ဆောင်ရွက်သွားဖို့ ရှိသလဲလို့ ရုရှား မီဒီယာက မေးမြန်းခဲ့တာပါ။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒါကတော့ အခုမှမဟုတ်ပါဘူး။ ယခင်ကတည်းကပါ။ ပြောရရင် တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့တဲ့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်ကတည်းကပါ။ နိုင်ငံက ဆိုရှယ်လစ်စနစ် ကျင့်သလုံးလာတဲ့ ကာလစ်လျှောက်လုံးမှာလည်း ဒီလိုပဲ အဖျက်သဘောဆောင်တာတွေ တောက်လျှောက်ရေခဲ့ကြပါတယ်။ အဓိကကတော့ အစိုးရကို မလိုလားသူတွေ တည်ထောင်ထားတဲ့ ၊ ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေပါဘဲ” လို့ ပြောပါတယ်။ 

၁၉၈၈ နောက်ပိုင်းနဲ့ ၂၀၁၀ နောက်ပိုင်းမှာလည်း  အစိုးရကို မလိုလားတဲ့နိုင်ငံတွေက ပြည်ပအခြေစိုက်သတင်းဌာနတွေ၊ အသံလွှင့်ဌာနတွေကို မီဒီယာနဲ့ တိုက်ခိုက်နေတယ်လို့လည်း စစ်ခေါင်းဆောင်ကပြောပါတယ်။

“၁၉၈၈ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက နိုင်ငံကို မထိန်းနိုင်တော့ဘဲ နိုင်ငံတော်ပြိုကွဲပျက်စီးမယ့်အရေး၊ အင်အားကြီးနိုင်ငံကြီးတစ်ခုခုရဲ့ ရေတပ်သင်္ဘောအုပ်စုတစ်စု မြန်မာ့ရေပိုင်နက်ထဲထိ ဝင်လာခဲ့ပြီးနောက်ပိုင်း တပ်မတော်က နိုင်ငံတော်တာဝန်ယူပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအပေါ် ဝါဒဖြန့်ချိဖို့ အစိုးရကို မလိုလားတဲ့နိုင်ငံတွေကပဲ ပြည်ပအခြေစိုက်သတင်းဌာနတွေ၊ အသံလွှင့်ဌာနတွေကို ထပ်မံတိုးချဲ့ဆောင်ရွက်ပြီး မီဒီယာနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်း တပ်မတော်အစိုးရက ဦးဆောင်ပြီး နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာခဲ့တယ်။ အဲဒီမှာလည်း အစိုးရကို မလိုလားတဲ့နိုင်ငံက တည်ထောင်ထားတဲ့မီဒီယာတွေ၊ သူတို့နောက်ကွယ်က ထောက်ပံ့အားပေးနေတဲ့ မီဒီယာတွေအတွက် ရုံးခွဲတွေ ဖွင့်လှစ်တယ်။ မီဒီယာအသစ် ထပ်မံထောင်တာတွေ ပေါ်လာခဲ့တယ်။ ၂၀၁၀ ကနေ ၂၀၁၅ အထိ အစိုးရဟာ တိုင်းပြည်ကို ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေရအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်။  ဒါပေမဲ့ အကောင်း မပြောခံရသလို အကောင်းလည်း မရေးခံရဘူး။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့ အစိုးရ မဟုတ်လို့ပါ။ သူတို့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားတာ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာထက် သူတို့လိုချင်တဲ့အစိုး အုပ်ချုပ်စေချင်တာ။ လွှမ်းမိုးချုပ်ကိုင်လိုတာပဲ ဖြစ်ပါတယ်။”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မီဒီယာပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ အားနည်းတာ ဝန်ခံတဲ့အကြောင်းနဲ့  နားလည်မှုရှိတဲ့ နိုင်ငံတွေ၊ သတင်းဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နေတယ်လို့လည်းပြောပါတယ်။

“မီဒီယာပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ ဝန်ခံလိုတာက ကျနော်တို့ အားနည်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကျနော်တို့ မှန်တာတွေလုပ်နေတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် စေတနာထားတယ်။ ဒါကြောင့် မဟုတ်တာတွေရေးနေတဲ့ မီဒီယာတွေအပေါ် ဘာမှ ဖြေရှင်းနေစရာ မလိုဘူးလို့ မှတ်ယူခဲ့တယ်။ ဒါပေမဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကျနော်တို့ ထင်သလောက် ရိုးသားမှုမရှိခဲ့ဘူး။ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ ကြိုးစားခဲ့တယ်။ လုပ်ဆောင်နေပါတယ်။ သတင်းစာရှင်းလင်းပွဲတွေ၊ သတင်းမှန် ထုတ်ပြန်မှုတွေ ကျနော်ကိုယ်တိုင်နဲ့ တာဝန်ရှိသူတွေ အင်တာဗျူးတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ထိုးဖောက်နိုင်မှုအားနည်းနေဆဲပါ။ ကျနော်တို့နိုင်ငံနဲ့ အဖွဲ့အစည်းအပေါ် နားလည်မှုရှိတဲ့ နိုင်ငံတွေ၊ သတင်းဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားပါမယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် တရားဝင်ထုတ်လွှင့်နေတဲ့ မီဒီယာတွေကို ထုတ်ဝေခွင့် လိုင်စင်ဖျက်သိမ်းပစ်တာ၊ သတင်းစာတိုက်တွေကို ဝင်ရောက်စီးနင်းတာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာ၊ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။ 

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့သတင်းသမားပေါင်း ၅၀ ကျော်ရှိပြီး တချို့ ပြန်လွတ်လာကာ လက်ရှိမြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အယောက် ၃၀ ကျော်လောက်ကျန်ရှိနေပါတယ်။ 

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၄၀ ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013