DVB Logo
Home
မြန်မာသတင်း
ဝတပ်ဖွဲ့လက်အောက်ခံကုမ္ပဏီကဆောက်မည့် ရာဘာသန့်စင်စက်ရုံစီမံကိန်း ရုပ်သိမ်းပေးရန် တောင်းဆို
DVB
·
August 27, 2021
ဝတပ်ဖွဲ့လက်အောက်ခံကုမ္ပဏီကဆောက်မည့် ရာဘာသန့်စင်စက်ရုံစီမံကိန်း ရုပ်သိမ်းပေးရန် တောင်းဆို
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့အရှေ့ဘက် နမ့်ဟုတ်ချောင်းတလျှောက်ရှိ ဒေသခံပိုင် လယ်ယာမြေ ဧက ၁၀၀ ကျော်မှာ UWSA ဝ စစ်တပ်လက်အောက်ခံ ဟုန်ပန်းကုမ္ပဏီက စက်ရုံ ၂ ရုံ တည်ဆောက်မယ့်စီမံကိန်းကို ရုပ်သိမ်းပေးဖို့ ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က တောင်းဆိုလိုက်ပါတယ်။

အဲဒီဒေသက ဧကပေါင်း ၆၀၀ ကျော်ကို  နဝတ/နအဖ အစိုးရလက်ထက်မှာ စစ်တပ်က သိမ်း ယူထားတာဖြစ်ပြီး ဧက ၁၀၀ ကျော်မှာ ဟုန်ပန်းကုမ္ပဏီ လက်အောက်ခံ လွိုင်ဆမ်ဆောင်းကုမ္ပဏီက ရော်ဘာ သန့်စင်စက်ရုံနဲ့ မန်းဂနီးစ်သန့်စင်စက်ရုံ ၂ ရုံ တည်ဆောက်ဖို့ ကြိုးစားနေတဲ့အပေါ် ဖျက်သိမ်းဖို့ တောင်းဆိုလိုက်တာပါ။ 

အဲဒီစက်ရုံတွေက ထွက်လာတဲ့ အခိုးအငွေ့တွေ၊ စက်ရုံက စွန့်ပစ်တဲ့ အညစ်အကြေးတွေကြောင့် မယ်ဟုတ်ချောင်း တဘက်စီနေထိုင်ကြတဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဒေသခံတွေပေါ် ကျန်းမာရေးဆိုးကျိုး သက်ရောက်နိုင်လို့ ဒေသခံတွေကလည်း သဘောမတူကြဘဲ ကန့်ကွက်နေကြတာလို့ SHRF ရဲ့  ဩဂုတ် ၂၆ ရက်နေ့ထုတ်  အစီရင်ခံစာမှာ ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် အသိမ်းခံထားရတဲ့မြေတွေ ပြန်ရဖို့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာရော၊ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာပါ အကြိမ်ကြိမ်တောင်းဆိုထားသလို ဒီနှစ်ဖေဖော်ဝါရီက တက်လာတဲ့ နစက - စစ်ကောင်စီလက်ထက်မှာလည်း ဆက်လက်တောင်းဆိုထားကြောင်း၊ ဒါပေမယ့် နစက တက်လာပြီး ၃ လအကြာ မေလပိုင်းမှာ ကုမ္ပဏီက စက်ရုံဆောက်ဖို့ စည်းရိုးလာ ခတ်ခဲ့တယ်လို့ SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီမြေတွေက ဟောင်လိတ်ရွာသားတွေ ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင်လာတဲ့ မြေတွေပါ၊ မြေပိုင်ရှင်က ၆၃ ဦးရှိပါတယ်။  အစိုးရ ၃ ဆက်ထိ တောင်းနေတာ ခုထိပြန်မရဘူး။ ပြန်မရတဲ့ပြင် ဒီနှစ်မှာ ကုမ္ပဏီကထပ်ပြီး စက်ရုံဆောက်ဦးမယ်ဆိုတော့ မြေယာဆုံးရှုံးရတဲ့အပြင် ကျန်းမာရေးပါ ထိခိုက်ရဦးမယ်ပေါ့။ ဒါကြောင့် သူတို့စည်းရိုးလာခတ်တိုင်း ရွာသားတွေက သွား ကန့်ကွက်တယ်၊ စည်းရိုးတွေပြန်ဖျက်တယ်၊ အဲဒီလိုလုပ်တော့ ထပ်ပြီးခြိမ်းခြောက်ခံရပြန်တယ်၊ ရွာသားတွေကို တရားစွဲမယ်လို့ ပြောတယ်။”

ရွာသားတွေ နစ်နာနေရတဲ့အပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးနိုင်တဲ့ အဖွဲ့အစည်း မရှိတာကြောင့် အားကိုးရာမဲ့နေကြောင်း၊ ဒါကြောင့် နစက စစ်ကောင်စီနဲ့ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတို့ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပြီး အဆိုပါစက်ရုံစီမံကိန်းကို ရုပ်သိမ်းပေးဖို့  SHRF က တောင်းဆိုတာလို့ ဆိုပါတယ်။

မယ်ဟုတ်ချောင်းရဲ့ တဘက်ကမ်း ထိုင်းနယ်မြေရှိ ပြည်သူတွေအနေနဲ့ မြန်မာဘက်ခြမ်းက ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်က ကန့်ကွက်တောင်းဆိုပေးဖို့ တိုက်တွန်းကြောင်းလည်း SHRF က ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013