
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ထဲက မွတ်စလင်ဒုက္ခသည်စခန်းတခု မီးလောင်မှု ဖြစ်ပွားပြီး စခန်းတွင်းရှိ တန်းလျား ၃၄ လုံး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။
[caption id="attachment_48397" align="alignright" width="300"]
Photo by Guardian[/caption]
ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ထမင်းအိုးတည်ရာက စတင်မီးလောင်ကျွမ်းခဲ့တာလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောပါတယ်။
“အဲဒီ ဘင်္ဂါလီဒုက္ခသည်စခန်းမှာ အိမ်တန်းလျား ၈၄ လုံးရှိတယ်။ အဲဒီလောင်တာက ၃၄ လုံးလောင်သွားတယ်။ စလောင်တဲ့အိမ်က အသက် ၃၀ နှစ်လောက်ရှိတဲ့ ရာဂူးဂျာ ဆိုတဲ့ လူရဲ့အိမ်ကနေ ထမင်းအိုးတည်ရင်းနဲ့ စလောင်တာပါ။”
ကလေးငယ်တဦး သေဆုံးတယ်လို့ သတင်းတွေထွက်နေပေမယ့် အစိုးရပြန်ကြားရေး တာဝန်ရှိသူကတော့ လူသေဆုံးမှု မရှိအကြောင်းနဲ့ မွန်းလွဲ ၁ နာရီကနေ ၃ နာရီခွဲလောက်ထိ ၂ နာရီခွဲကြာ လောင်ကျွမ်းခဲ့တာလို့ ပြောပါတယ်။
ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးတို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ငှက်ချောင်းစခန်းကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။
အဲ့ဒီဒုက္ခသည်စခန်းမှာ လူဦးရေ ဘယ်လောက်နေထိုင်နေသလဲဆိုတာ စာရင်းဇယား အတိအကျ မရှိဘဲ တန်းလျားတခုမှာ အိမ်ထောင်စု ၈ စု နေထိုင်တယ်လို့ပဲ သိရပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း မီးလောင်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည် သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပြီး မွတ်စလင်ဒုက္ခသည်အများစုဟာလည်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတုန်းဖြစ်ပါတယ်။











