DVB Logo
Home
နိုင်ငံရေး
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မရှိတဲ့နောက်
DVB
·
August 26, 2021
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မရှိတဲ့နောက်
1 / 2
Donate to DVB

လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အဆိုးဆုံးအခြေနေတွေဟာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မအောင်မြင်မှုရဲ့အကျိုးဆက်လို့ သုံးသပ်သူတချို့က ပြောကြပါတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မပြေလည်မှုက  ပြီးခဲ့တဲ့ငါးနှစ်ကာလ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ကြား အစ်မကြီး-မောင်လေး ဆက်ဆံရေးဖြစ်မလာမှု၊ ကာလုံမခေါ်ခဲ့မှု၊ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် တပ်မကြိုက်တဲ့ အရာရာကို NLD ဘက်က လုပ်ဆောင်လာမှု၊  ကာချုပ်တောင်းဆိုတာတွေ မလိုက်လျောမှု စသဖြင့် ပြောကြပါတယ်။ 

တကယ့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး သဘောသဘာဝက သူတို့ပြောတဲ့ဆက်ဆံရေးပုံစံနဲ့ ကွာခြားပါတယ်။ သီအိုရီသဘောအရ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန်မှုဆိုတာ ‘အရပ်ဘက်ပရော်ဖက်ရှင်နယ်ဖြစ်မှု (civilian professionalism) နဲ့ စစ်ဘက်ပရော်ဖက်ရှင်နယ်ဖြစ်မှု (military professionalism) တို့က သူ့နယ်ပယ်နဲ့သူ တိုးတက်ဖြစ်ထွန်းနေခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ စစ်ဘက်ပရော်ဖက်ရှင်နယ်ဖြစ်မှု ဆိုတာ စစ်တပ်က အရပ်ဘက်ထိန်းချုပ်မှုအောက်ရှိခြင်း (civilian control)၊ တနည်းအားဖြင့် ဒီမိုကရေစီအစိုးရ ထိန်းချုပ်မှုအောက်ရှိခြင်း(democratic control) ကို ဆိုလိုပါတယ်။ ဒါက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးရဲ့ ဦးတည်ချက်ပန်းတိုင်ဖြစ်သလို၊ အဲဒီအတွက် ညှိနှိုင်းဆောင်ရွက်နေပါမှ နှစ်ဖက်ဆက်ဆံရေး ဖြစ်ထွန်းတယ်လို့ ဆိုနိုင်ပါတယ်။ 

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ဘာသာရပ်တည်ထောင်သူ ပါမောက္ခဆင်မျူရယ်ဟန်တင်တန် ရဲ့အဆိုအရ စစ်တပ်အပေါ် အရပ်ဘက်ထိန်းချုပ်မှု ရည်မှန်းချက်ကို ရရှိဖို့ဆိုရင် စစ်တပ်ပိုင်းက ပရော်ဖက်ရှင်နယ်ဖြစ်လာဖို့ လိုမယ်လို့ ဆိုပါတယ်။ ဒီအတွက် စစ်ဘက်လုပ်ဆောင်မှုတွေနဲ့ အရပ်ဘက်ဆောင်ရွက်မှုတွေကို တိတိပပ ကန့်သတ်ထားနိုင်ရမယ်။ အရပ်ဘက်က နိုင်ငံရေးအစီအစဉ်တွေ ချမှတ်ရမှာဖြစ်သလို၊ စစ်ခေါင်းဆောင်ပိုင်းက စစ်ရေးအစီအစဉ်ချမှတ်ရမယ်။ အရပ်ဘက်အစိုးရက အမျိုးသားကာကွယ်ရေးမဟာဗျူဟာပန်းတိုင် ချမှတ်ပြီး၊ စစ်ဘက်က စစ်ရေးနည်းဗျူဟာတွေ ချမှတ်ရမယ်။ အင်စတီကျူးရှင်းနှစ်ခုဟာ သူ့နယ်ပယ် ကိုယ့်နယ်ပယ် စည်းဘောင်မကျော်ဘဲ အပြန်အလှန်လေးစား ဖြစ်ထွန်းနေရင်၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ (The Soldier and the State by Huntington- 1957) 

ဟန်တင်တန်ရဲ့နောက်ပိုင်း အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပညာရှင်များကတော့ နိုင်ငံတွေရဲ့အခြေအနေက စစ်အေးခေတ်လိုမဟုတ်ဘဲ ပိုမိုရှုပ်ထွေးလာတဲ့အတွက် အရပ်ဘက်နဲ့စစ်ဘက်ဟာ သီးခြားနယ်ပယ်ကိုယ်စီမှာ နေကြတာထက် ပိုမိုကူးယှက်ဆောင်ရွက်မှုတွေ ရှိလာရတယ်လို့ ဆိုပါတယ်။ သို့သော် ဘယ်လိုဖြစ်ဖြစ် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကောင်းဆိုတာ စစ်တပ်က အရပ်ဘက်ထိန်းချုပ်မှုအောက် ရောက်ရှိခြင်းကို ဆိုလိုပါတယ်။ အရပ်သားအစိုးရနဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်မှုကို  နာခံခြင်းကသာ စစ်တပ်တွေအတွက် ဂုဏ်သိက္ခာနဲ့ အရည်အသွေးတိုးမြင့်စေမယ့် တခုတည်းသောလမ်းလို့ နိုင်ငံတကာ ဒီမိုကရေစီစစ်တပ်တွေက သဘောတူထားပါတယ်။ (OSCE code of conduct 1994)

အဲဒီအယူအဆအရဆိုရင် ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ဖြစ်ထွန်းမှု လုံးဝမရှိဘူးလို့ပဲ ဆိုရမယ်။ တပ်မတော်ဘက်က ပရောဖက်ရှင်နယ်တပ်ဖြစ်အောင် လုပ်လိုစိတ်မရှိပါဘူး။ ဆက်ဆံရေးမဖြစ်ထွန်းရတဲ့ အဓိကအချက်တစ်ခုက ၂၀၀၈ အခြေခံဥပဒေပါ။ အခြေခံဥပဒေရည်ရွယ်ချက်ကိုက စစ်ဘက်အုပ်ချုပ်မှုအောက်မှာ အရပ်ဘက်နိုင်ငံရေး အမြဲထားရှိရေးပါ။  

နောက်ဆုံးကာလမှာ NLD ဘက်က အခြေခံဥပဒေပြင်ဆင်ရေးတင်သွင်းရာမှာ တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် (၂၀၂၁-၂၀၂၆) အတွင်း တပ်မတော်သားများ လွှတ်တော်ထဲပါဝင်မှု ၁၅ ရာခိုင်နှုန်းထိ လျော့ချသွားမယ်၊ စတုတ္ထအကြိမ်ပြည်ထောင်စုလွှတ်တော် (၂၀၂၆-၂၀၃၁) အတွင်း တပ်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းထိ လျော့ချသွားမယ်၊  ပဉ္စမအကြိမ်  ပြည်ထောင်စုလွှတ်တော် (၂၀၃၁-၂၀၃၆)အတွင်း ၅ ရာခိုင်နှုန်းထိ ‌‌လျော့ချသွားမယ်၊ ကျန်တဲ့ တပ်မတော်သားပါဝင်မှုကို ပြည်သူ့ဆန္ဒအပေါ်မူတည်ပြီး သုညရာခိုင်နှုန်းအထိ ‌‌လျော့ချသွားမယ်လို့ အဆိုပြုခဲ့တယ်။ ဒီအဆိုပြုအချက်က ၂၀၀၈ အောက်ကနေပဲ စစ်တပ်ကို ပရော်ဖက်ရှင်နယ်ဖြစ်စေဖို့ အချိန်အများကြီး ပေးထားတာ တွေ့နိုင်ပါတယ်။ စစ်တပ်က အရေးမလုပ်ပါဘူး။

ဒါ့ထက်ပိုပြီး အရပ်ဘက်က (ပြည်သူတွေက) ဘာများ လိုက်လျောနိုင်ဦးမလဲ။ စစ်တပ်ဟာ လောဘကြီးလွန်းပြီး ပြုပြင်ပြောင်းလဲလိုစိတ်မရှိဘူး၊ ပရော်ဖက်ရှင်နယ်တပ်မဖြစ်လိုဘူးဆိုတာ ထင်ရှားပါတယ်။ သုံးသပ်သူအများစုပြောကြတဲ့ အရပ်ဘက်နဲ့ စစ်ဘက် ခေါင်းဆောင်နှစ်ဦးရဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် ဆိုတာထက်၊ စစ်တပ်အုပ်စုတစ်ခုလုံးရဲ့စရိုက်သဘာဝ၊ မတော်လောဘနဲ့ ခြေဥတို့ကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး လုံးဝတည်ဆောက်မရခဲ့ဘူးလို့ ဆိုရပါမယ်။ 

တဆက်ထဲ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း လက်တင်အမေရိက စစ်အစိုးရတွေ ဒီမိုကရေစီကူးပြောင်းမှု လေ့လာချက် ဇယားလေးတစ်ခု ဖော်ပြချင်ပါတယ်။ (Democratic Transition in Latin America by Juan Emilio Cheyre) 

လက်တင်အမေရိကနိုင်ငံတွေက စစ်အစိုးရတွေဟာ နအဖအစိုးရလိုပဲ ပြည်တွင်းပြည်ပဖိအားနဲ့ တရားဝင်မှု လိုအပ်ချက်ကြောင့် ဒီမိုကရေစီကူးပြောင်းမှုတွေ လုပ်ခဲ့ကြတယ်။ ဇယားမှာ အဲဒီဒေသက စစ်အစိုးရတွေရဲ့ သွင်ပြင်ပုံစံအမျိုးမျိုးကို ဖော်ပြထားတယ်။ အဲဒီသွင်ပြင်လက္ခဏာတွေအပေါ် မူတည်ပြီး သူတို့ရဲ့ ဆုံးဖြတ်မှု၊ ခေါင်းဆောင်မှု၊ အာဏာကျင့်သုံးမှု နည်းလမ်းတွေလည်း ကွဲပြားပါတယ်။ သို့သော် အာဏာရယူထားတဲ့ အကြမ်းဖျင်းပုံစံသုံးခုက ပုဂ္ဂိုလ်ရေးဩဇာ (Personalist)၊ အင်စတီကျူးအားပြုစစ်တပ်နဲ့ တစ်ပါတီအာဏာရှင် ပုံစံတို့ပါပဲ။   

စစ်အစိုးရတွေဟာ ပြည်တွင်းအခြေအနေတွေနဲ့ ပြင်ပအခြေအနေတွေက သက်ရောက်မှု အားကြီးလာတဲ့အခါ  ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ လုပ်လာတယ်။ အဓိကကူးပြောင်းမှုပုံစံသုံးခုက အရပ်ဘက်နဲ့စစ်ဘက် နှစ်ဘက်ကြား တရားဝင် သဘောတူညှိနှိုင်းဆောင်ရွက်မှု (Pact)၊ စစ်အစိုးရအတွင်း အကွဲအပြဲရှိလာမှု (Divisions)၊ တခြားဖိအားပေးလာတဲ့ အခြေအ‌နေတွေ (Favorable situations) ပဲဖြစ်ပါတယ်။ 

မြန်မာအသွင်ကူးပြောင်းမှုနဲ့ပတ်သက်လို့ ဝေဖန်သူတချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ Pact ကို ရအောင် မတည်ဆောက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့မပြောတာက စစ်တပ်ကိုယ်တိုင်က ၂၀၀၈ ခြေဥကိုပဲ Pact လို့ ယူဆ ဆွဲကိုင်ထားတဲ့ အချက်ပါ။ စစ်အုပ်စုရဲ့ ၂၀၀၈ ဘောင်ထဲကပဲ အပြောင်းအလဲ သွားချင်စိတ်ဟာ  ကာလတစ်ခုမှာ လမ်းဆုံးသွားတာ အားလုံးမြင်ရတဲ့အတိုင်းပါပဲ။ ဒုတိယအချက်- စစ်တပ်တွင်းအကွဲအပြဲက မျှော်လင့်ဖို့ ခက်ခဲခဲ့ပေမဲ့ အခုအခါမှာ ပိုနီးစပ်နေပြီလို့ ဆိုရပါမယ်။ တတိယအချက်- စစ်တပ်အပေါ် ဖိအားပေးလာနေတဲ့ အခြေအနေတွေဟာ ကိုယ်ဖန်တီးတဲ့အမှားတွေကြောင့်ပဲ အခု ဝိုင်းဝိုင်းလည်နေပါတယ်။ 

အချုပ်ဆိုရရင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မရှိတဲ့အခါ၊ စစ်တပ်က ပရော်ဖက်ရှင်နယ်မဖြစ်လိုတဲ့အခါ ဒီမိုကရေစီခရီးဟာ လမ်းဆုံးသွားခဲ့ရတယ်။ အရပ်ဘက်ပြည်သူနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိပ်တိုက်တိုး ပွတ်တိုက်လာရတယ်။ မက်စ်ဝါဒစကားနဲ့ဆိုရရင် မြန်မာ့ဒီမိုကရေစီအနာဂတ်ဟာ လူ့အဖွဲ့အစည်းအတွင်း မတူတဲ့အခြေအနေနှစ်ခု မရှောင်လွှဲသာဘဲ နောက်ဆုံး ထိပ်တိုက်တိုး ပဋိပက္ခဖြစ်လာရပြီး၊ စနစ်ဟောင်းဖြိုဖျက် စနစ်သစ် လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်ကြတော့မှာ ဖြစ်တယ်။ ဒါကို အခုက နွေဦးတော်လှန်‌ရေးက သက်သက်ပြနေပါတယ်။ 

ရဲမြင့်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013