
မော်လ်တာကမ်းလွန်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ လိုက်ပါလာတဲ့ လှေတစင်း တိမ်းမှောက်သွားခဲ့လို့ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးသွားခဲ့တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တခုဖြစ်တဲ့ Sea-Watch အဖွဲ့က ပြောကြားပြီး ဇွန် ၈ ရက်မှာ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
လူ ၆၀ နီးပါးကို တင်ဆောင်လာပြီး လစ်ဗျားနိုင်ငံကနေ ထွက်ခွာလာတဲ့ အဲဒီလှေဟာ မော်လ်တာနိုင်ငံရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၅ မိုင်အကွာမှာ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့က သေဆုံးသူ ရုပ်အလောင်း ၁၀ လောင်းကို ဆယ်ယူရရှိခဲ့ပြီး အနီးအနားမှာရှိတဲ့ ငါးဖမ်းလှေတစင်းကတော့ အသက်ရှင်ကျန်ရစ်သူ ၄၈ ယောက်လောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လှေပေါ်မှာ လူဦးရေ ၆၀ လောက် ပါလာတယ်လို့ ပြောထားတဲ့အတွက် လက်ရှိမှာ လူဘယ်နှယောက် ပျောက်ဆုံးနေဆဲလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ Sea-Watch အဖွဲ့က ပြောပါတယ်။
အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ တနင်္ဂနွေနေ့ကတည်းက အဲဒီရေပြင်ဆီကို ကင်းလှည့်ရေယာဉ်တစင်း ချက်ချင်းစေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters










