
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ဖလံကိုင်း ရေနံမှော်ဝန်းကျင်ကို စစ်ကောင်စီတပ်က ဧပြီ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကြကာ အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
အညာမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “ပေါက်နဲ့ မြိုင်နယ်အစပ်မှာရှိတဲ့ ဖလံကိုင်း ရေနံမှော်ဝန်းကျင်ကို စစ်တပ်ဘက်က မိတ္ထီလာလေတပ်နဲ့ မကွေးလေတပ်တွေက တက်လာကြတဲ့ ဂျက်ဖိုက်တာ ၅ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်လောက် လုပ်သွားတာပါ” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တွေ အပါအဝင် အဆောက်အအုံ တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “အဲဒီနယ်မြေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတွေကြားမှာ စီမံခန့်ခွဲရေးကိစ္စတွေ အငြင်းပွားနေတဲ့နေရာ ဖြစ်နေလို့ PDF တပ်ဖွဲ့ဝင်တွေ အင်အားတိုးချထားတဲ့ နေရာပေါ့ဗျာ။ အဲဒီလိုပြဿနာတွေ ဖြစ်လာတော့ ဒိုင်စားတဲ့သဘောနဲ့ စစ်တပ်ဘက်က ဗုံးလာကြဲသွားတာလို့ ယူဆတယ်”လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးသွားပြီး ဆေးကုနေရင်း ညဦးပိုင်းမှာ နောက်ထပ် တယောက် ကျဆုံးခဲ့လို့ စုစုပေါင်း ၆ ယောက် ကျဆုံးကာ ဒဏ်ရာရတဲ့ ရဲဘော်တွေထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသူတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ထပ်မံပြုလုပ်လာနိုင်သေးတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိကြီးစွာထားပြီး နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေနံမှော်တွေ လုပ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ စစ်ရေးအခြေအနေ တင်းမာနေခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတွေကြား ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး ရေနံမြေစီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။










