DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်အကယ်ဒမီဆုအတွက် အမျိုးသမီးသရုပ်ဆောင်များ ရေပန်းစား
DVB
·
December 13, 2013
ရုပ်ရှင်အကယ်ဒမီဆုအတွက် အမျိုးသမီးသရုပ်ဆောင်များ ရေပန်းစား
Donate to DVB

ဒီလကုန် ကျင်းပမယ့်  ၂၀၁၂ ခုအတွက်   မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ပွဲမှာ အမျိုးသမီးသရုပ်ဆောင်တွေ အကယ်ဒမီဆုရမယ်လို့ ရုပ်ရှင်အသိုင်းအ၀န်းက ခန့်မှန်း နေပါတယ်။

၂၀၁၂ ခု အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၂၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပဖို့ရှိနေတာပါ။

Academyရုံတင်တဲ့ ဇာတ်ကားအရေအတွက်  ၂၀၁၂ ခုနှစ်အတွင်းမှာ ၁၇ ကားလောက်ရှိတဲ့ အနက်  အကယ်ဒမီ ဆန်ကာတင် စာရင်းဝင်တဲ့ ဇာတ်ကားတွေက လက်ပံ၊ ဥ၊ မောကင်းဥဒါန်း၊ အဖြူရောင် ရဲတိုက်၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ ကယန်းအလှ စတဲ့  ဇာတ်ကားတွေပါဝင်နေတာပါ။

ဒီနှစ်မှာတော့ အနုပညာလောကထဲမှာ  အမျိုးသမီး သရုပ်ဆောင် ဖွေးဖွေးနဲ့ န၀ရတ်တို့ အကယ်ဒမီဆု ရရှိနိုင်မယ်လို့ ခန်းမှန်းပြောဆိုနေကြတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

“တစ်ပြေးနေတာက န၀ရတ်နဲ့ ပိုးပိုးပေါ့နော်။ ကလေးသရုပ်ဆောင်က ယွန်းယွန်း တစ် ပြေးနေတယ်။ နောက် ဇာတ်ပို့ထဲမှာဆိုရင် ထွန်းအိန္ဒြာဗိုလ်ရယ် စိုးမြတ်သူဇာရယ် ချောရတနာ ရယ် တစ်ပြေးနေတယ်။ ဒါရိုက်ထဲမှာက ကိုဝိုင်းရယ် ကိုဇော်(အာရုဏ်ဦး)ရယ် သူတို့ နှစ်ယောက် တစ် ပြေးနေတယ်။ ဇာတ်ကားဆုက ဥနဲ့ ကယန်းအလှ တစ်ပြေးနေတယ်။ ”

ဒါပေမယ့် အမျိုးသား ဇာတ်ဆောင်တွေကတော့ ခန်းမှန်းရ ခက်နေတယ်လို့ ဒါရိုက်တာ ဆိုပါတယ်။  ကလေးသရုပ်ဆောင်အနေနဲ့ကတော့ ယွန်းယွန်းက ရရှိနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေပါတယ်။

ရုပ်ရှင် သရုပ်ဆောင်တွေ အကယ်ဒမီရွေးချယ်ရာမှာ အရင်နှစ်တွေက ပြန်ကြားရေးဝန်ကြီးဌာနကပဲ  ရွေးချယ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ သရုပ်ဆောင်တချို့လည်း ပါဝင်ရွေးချယ်ခွင့်ရတယ်လို့ ရုပ်ရှင် သရုပ်ဆောင် ဇင်ဝိုင်းက ပြောပါတယ်။

“အဓိကအကျဆုံး အပြောင်းအလဲ တခုက အရင်တုန်းက ပြည်သူလူထုလည်း သိပ်စိတ်ဝင်စားတယ်ပေါ့နော်။ အဓိက သရုပ်ဆောင် (အမျိုးသား၊ အမျိုးသမီး)၊ ဇာတ်ပို့ (အမျိုးသား၊ အမျိုးသမီး) ဒီသရုပ်ဆောင် ဆုတွေကို ချီးမြှင့်ပေမယ့် အရင်အစဉ်အဆက်မှာ သရုပ်ဆောင်တိုင်းက ဘယ်သူမှ အကဲဖြတ်အဖွဲ့မှာ ပါဝင်မှု မရခဲ့ပါဘူး။ အမှန်တကယ်က သရုပ်ဆောင်ဆုကို ချီးမြှင့်တဲ့နေရာမှာ ဓာတ်ပုံဆုကို ဓာတ်ပုံ ပညာရှင်တွေက အကဲဖြတ်သလိုမျိုး သရုပ်ဆောင်ဆုကို သရုပ်ဆောင်တွေက အကဲဖြတ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ကျနော်တို့ တောင်းဆိုပါတယ်။ တောင်းဆိုတဲ့အတိုင်းပဲ မနှစ်က စတင်ပြီးတော့ ရုပ်ရှင်သရုပ်ဆောင် ပညာရှင်ကြီးများက သရုပ်ဆောင်များကို ရွေးချယ်ပေးခဲ့ကြပါတယ်။ အမှန်တကယ်က ပြန်ကြားရေး ၀န်ကြီးဌာနကနေ ချီးမြှင့်တဲ့ပွဲပါပဲ။ သို့သော်လည်းပဲ ဒီနှစ်မှာ ကျနော်တို့ မြန်မာ့ရုပ်ရှင်လောကကို ကိုယ်စားပြုတဲ့ ပညာရှင်တွေ ပါဝင်ခွင့်ရလာခဲ့တာပါ။  ”

အလားတူ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီတွေ ရွေးချယ်သလို ကလေး သရုပ်ဆောင်တွေကိုလည်း အလေးထားပြီး ဆုရွေးချယ်ချီးမြှင့်သင့်တယ်လို့ အနုပညာရှင်တွေက တိုက်တွန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013