DVB Logo
D-Day
DVB
·
August 25, 2021
D-Day
Donate to DVB

ဒီဒေး (D-Day) ဆိုတာတွေကို Facebook ပေါ်မှာ အပြောများလာကြတော့ တချက်လောက်တော့ ပြန်လှည့်ကြည့်ကြရအောင်ပါ။ စက်တင်ဘာ ၁၉၃၉ မှာ နာဇီဂျာမနီက ပိုလန်ကို ဝင်ရောက်တိုက်ခိုက်ရာက ဒုတိယကမ္ဘာစစ် စတင်ပါတယ်။ 

Operation Overlord ဆိုတဲ့ စစ်ဆင်ရေးနဲ့ နာဇီဂျာမနီ သိမ်းပိုက်ထားတဲ့ အနောက်ဥရောပကို ပြန်လည်လွတ်မြောက်ရေး စစ်ဆင်ခဲ့ရာမှာ အခု ဒီဒေး (D-Day) လို့ အသိများကြတဲ့ Battle of Normandy စတဲ့ရက်ဟာ ၆ ဇွန် ၁၉၄၄ ဖြစ်ပါတယ်။

မဟာမိတ်တပ်တွေမှာပါတဲ့ နိုင်ငံတွေက၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ပိုလန်၊ ဩစတေးလျ၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ ချက်ကိုစလိုဗားကီးယား၊ ဂရိ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေး စတဲ့အင်အားကြီးနိုင်ငံတွေ ပါတယ်။ တဘက်မှာ နာဇီဂျာမနီနဲ့ အီတလီတို့ ဖြစ်ပါတယ်။

မဟာမိတ်တပ်မှူးကြီးတွေထဲမှာ ဗိုလ်ချုပ်ကြီး အိုက်စင်ဟောင်ဝါ၊ ဗိုလ်ချုပ်ကြီး မောင့်ဂိုမာရီတို့ နာမည်ကြီးသလို၊ တဘက်မှာလည်း အေဒေါ့ဖ်ဟစ်တလာ၊ ဗိုလ်ချုပ်ကြီးရွမ်းမဲတို့ ရှိတယ်။ 

ကမ္ဘာ့သမိုင်းမှာ နောက်ဆုံးပေါ်လက်နက်တွေ၊ အကောင်းဆုံး၊ တိုက်ရည်ခိုက်ရည်အပြည့်ဝဆုံး တပ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။ အကျအဆုံးလည်း များခဲ့ပါတယ်။ Beginning of the end of the world the war in Europe လို့လည်း တင်စားကြပါတယ်။

ဒုတိယကမ္ဘာစစ် စဖြစ်တဲ့အချိန်ကနေ ဒီဒေး ရောက်သည်အထိ ကြားထဲမှာ ၅ နှစ် ကြာခဲ့ပါတယ်။ ကြားထဲမှာ တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေကလည်း အများအပြားပါ။ 

ဒါတွေကို ပြန်ကြည့်ရင်. ဒီဒေးလို့ အများက လွယ်လွယ်ကူကူပြောနေကြပေမယ့် အပြောဟာ အပြောသက်သက်မျှသာပါပဲ။ 

အခု Facebook ပေါ်မှာ D-Day အတွက် စိုးရိမ်လို့ ဘာဝယ်စုရမလဲ၊ ဘာတွေ ပြင်ဆင်ရမလဲလို့ မေးနေကြသူတွေ (ကိုယ်တိုင်လည်း ပြင်ဆင်ရမယ့်အပိုင်းတွေ ပါတာပေါ့) ကို အကြံပေးချင်တာက ဒီဒေး ဆိုပြီး ဒီနေ့ ဒီရက်လို့ခေါ်ပြီး ဘယ်နှလအတွင်း ပြီးမြောက်ပါ့မယ်လို့တော့ မဟုတ်တန်ဘူးလို့ နားလည်စေချင်ပါတယ်။

ဒီဒေး ခေါ်တယ်ဆိုတာ ခေါ်နိုင်လောက်တဲ့ ပြင်ဆင်မှုမရှိဘဲ ခေါ်လို့မရဘူးဆိုတာလည်း သိကြဖို့လိုမယ် ထင်ပါတယ်။ ပြင်ဆင်မှု၊ စုဖွဲ့မှုမရှိဘဲ ဒီဒေးခေါ်ပြီးလုပ်ရင် ကစဉ့်ကလျားဖြစ်ဖို့က များပါတယ်။ 

ဒါဆို ဘယ်လောက်စောင့်ရမလဲလို့ မေးတဲ့အခါ၊ မဆုံးနိုင်သော ပြင်ဆင်မှုတွေလည်း မဟုတ်၊ စနစ်ကျတဲ့ ပြင်ဆင်မှုမရှိဘဲ ‘ဖြစ်သွားပါလိမ့်မယ်’ ဆိုတာမျိုးနဲ့ စတင်လိုက်တာမျိုးလည်း မဟုတ်တဲ့ကြားမှာ Balance ချိန်ကြရုံသာပါ။ 

မြန်မာပြည်မှာ စစ်ဖြစ်လာတာ နှစ်ပေါင်း ၆၀ ကျော်လာပေမယ့် တိုင်းရင်းသားလူမျိုးများရဲ့ ဒေသတွေနဲ့ မြို့တွေကို ယှဉ်ကြည့်ရင် မြို့နေလူထုက (ကိုယ်အပါအဝင်) စစ်ပွဲနဲ့ အတွေ့အကြုံ နည်းပါတယ်။ စစ်ပွဲအပေါ်မှာ နားလည်တဲ့ နားလည်မှုက ဟောလီးဝုဒ်ရုပ်ရှင်တွေအပေါ်မှာ အခြေခံတာများပါတယ်။ တခြား တိုင်းရင်းသားဒေသတွေက ပြည်သူတွေကတော့ သူတို့ရဲ့ instinct မှာ စစ်ကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ သိမှုက ရှိနေပြီးသားပါ။ 

ဒါကြောင့် ဒီဒေး ဆိုတာမျိုးတွေ အပြောများ၊ အကြားများလာတဲ့အခါ စိုးရိမ်မှုလည်း မလွန်ကဲကြဖို့ လိုသလို၊ မဖြစ်နိုင်တဲ့ အချိန်ကာလအတွင်းမှာ ပြီးမြောက် အောင်မြင်သွားလိမ့်မယ်လို့လည်း စိတ်ကူးယဉ်ဆန်လို့ မရနိုင်ပါဘူး။ 

အောင်စိတ်သွင်းတာနဲ့  စိတ်ကူးယဉ်ဆန်တာ မတူပါဘူး။ 

အောင်စိတ်မွေးကို မွေးထားရမှာ ဖြစ်ပေမဲ့ မွေးထားတဲ့ အောင်စိတ်ဟာ လက်တွေ့ကျတဲ့ အချိန်ကာလအတွင်းမှာ မွေးရမယ့် အောင်စိတ်ဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင် တွေးဆထားတဲ့ အချိန်ကာလထက် လက်တွေ့ကာလက ကျော်လွန်တဲ့အခါ မွေးထားတဲ့ အောင်စိတ်က ပျောက်ပျက်သွားတာမျိုး ဖြစ်လာနိုင်တာပါပဲ။ 

တော်လှန်ရေးနိုင်ဖို့အတွက် အောင်စိတ်မွေးပြီး လုပ်တဲ့အခါ စောင့်သင့်စောင့်ထိုက်တဲ့အချိန်ကို စောင့်နိုင်တဲ့ အရည်အသွေးလည်း လိုပါတယ်။ မဟုတ်ရင် တော်လှန်ရေးနိုင်ဖို့ ဆိုတာထက် “ဒါကြီး မြန်မြန်ပြီးချင်ပြီ” ဆိုတဲ့ စိတ်ခံစားမှုဘက်ကို အလေးသာပြီး လက်တွေ့လုပ်ကြတဲ့အခါ အခက်အခဲတွေ ပိုတွေ့ လာနိုင်ပါတယ်။

ရန်သူကို အထင်ကြီးစရာမလိုဘူး။ ဒါပေမဲ့ ကိုယ့်အခြေအနေကိုယ်လည်း အရိုးသားဆုံး သိဖို့၊ မကွယ်မဝှက်တမ်း ပြန်ဝေဖန်နိုင်ဖို့ လိုပါတယ်။ ရန်သူ့ဘက်က တန်ပြန်လာနိုင်တာတွေကိုလည်း intelligence process ကနေ သုံးသပ်ဖို့လိုပါတယ်။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ opinion တွေကနေ မဟာဗျူဟာဆွဲလို့ မရစကောင်းပါ။ ဘာလို့ဆို နိုင်ငံရဲ့ သားသမီးတွေကို စစ်ပွဲအတွင်း (သေလမ်း) ကို စေလွှတ်ရမှာမို့လို့ပါ။ 

ဘာပဲပြောပြော... ဒီဒေးက ရောက်လာပါလိမ့်မယ်။ ဒီနေ့ ဒီရက်တွင် ဒီဒေး စလိုက်သည် ဆိုတာမျိုးနဲ့ လာမလား၊ ဒါမှမဟုတ် ပြန်ပြီးထိုးစစ်ဆင်တဲ့ အချိန်ကာလတစ်ခုကို စတင်လိုက်ပြီး၊ အဲဒီကမှတဆင့် မဟာဗျူဟာမြောက်တဲ့ တိုက်ပွဲခေါ်သံနဲ့အတူ လူထုတရပ်လုံးရဲ့ ပါဝင်မှုကို လက်တွေ့ကျတဲ့ အချိန်ကာလအတွင်းမှာ ထိထိရောက်ရောက်သုံးပြီး အဆုံးသတ်တိုက်ပွဲ နွှဲလေမလား ဆိုတာကတော့ ဆုံးဖြတ်ချက်ချနိုင်သူတွေရဲ့ အရည်အချင်းသာ ဖြစ်ပါတယ်။

တော်လှန်ရေးဆိုတာ flexible ဖြစ်ရတာပဲ။ တော်လှန်ရေးစက္ကူဖြူစာတမ်း ဆိုပြီး ချပြလို့လည်း ရတာမဟုတ်ဘူး။ အဖိ အဖော့တွေက ဦးဆောင်သူနဲ့ နောက်လိုက်သူကြားမှာ ဟန်ချက်ညီနေဖို့ပဲ။ ဦးဆောင်သူဆိုတာ ပြည်သူပဲ။ NUG က နောက်လိုက်။ 

ဒီဒေးဆိုပြီး NUG က ဝန်ကြီးတွေ ပြောနေတာလည်း တစ်ဦးတည်းသဘောအရ သဘောတွေ့တာတော့ မဟုတ်ဘူး။ ဒါပေမဲ့  သေချာပြင်ဆင်မယ် ၃ နှစ်စောင့် ဆိုတော့ရော စောင့်နိုင်မှာမို့လို့လား။ 

ဒုတိယကမ္ဘာစစ်တုန်းက မောင်ဂိုမာရီတို့နဲ့ ရွမ်းမဲတို့နဲ့ တိုက်တဲ့စစ်ပွဲ၊ ဒီဒေး ခေါ်တယ်။ အဲဒီမတိုင်ခင်မှာ နှစ်နဲ့ချီ ပြင်ရတယ်။ ဒါတောင် စူပါပါဝါတွေ။ ဗီယက်နယ်တွေလည်း ဒီလိုပဲ။ သူတို့ ဒီဒေးခေါ်တဲ့ တက်ထိုးစစ် (Tet Offensive) က ၁၉၆၈ မှာ စတာ။ ဆိုင်ဂုံကျတာ ၁၉၇၅၊ ကြားထဲမယ် ၇ နှစ်ကြာတယ်။ ဘာမှတ်လို့တုန်း။ ဒါလည်း နောက်က စူပါ ပါဝါတွေ ပါတာပဲ။ 

မြန်မာပြည်မယ် စူပါပါဝါတွေ မပါတော့ နှစ် ၆၀‌ ကျော် ကြာတာပဲ။ ဒါလည်း မပြီးနိုင်သေးဘူး။ ဒါတောင် ကွန်မြူနစ်တုန်းက အရှေ့မြောက်စစ်ဒေသကို တရုတ်က ကူတယ်။ မရပါဘူး။ 

အခုလည်း တစ်ခါကမှ မရခဲ့ဘူးတဲ့ ရင်းမြစ်တွေကို သုံးပြီး တိုက်မယ်။ ဟုတ်တယ်။ ဒါပေမဲ့ လပိုင်းနဲ့တော့ ဘယ်ရမလဲ။ တစ်ဦးချင်းက ချင့်တွက်ကြရမှာပဲ။ 

ဖက်ဆစ်စစ်တပ် စောက်သုံးမကျတာ ဟုတ်တယ်။ ဒါပေမဲ့ ဒီနေ့ တပ်ပျက်တော့မလို၊ မနက်ဖြန် တပ်ပျက်တော့မလိုတော့လည်း မဟုတ်သေးဘူး။ မဖြစ်နိုင်တာတွေကို လျှောက်ပြောပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်ဖြားမိဖို့ လိုတယ်။ ဒါမှလည်း ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်မှာ။ 

မြန်မာလို့ခေါ်တဲ့ ဒီနိုင်ငံထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိ ကြတဲ့ကြား၊ ဖက်ဆစ် စစ်တပ်ကို ဒီနေ့အထိ ဘာလို့ အပြတ်မနိုင်နိုင်သေးလဲ ပြန်မေးကြည့်ကြရမှာပဲ။ 

သူ့မှာလည်း သူဟာနဲ့သူတော့ အင်အားရှိတယ်၊ စုဖွဲ့မှုရှိတယ်၊ အမိန့်ပေးစနစ်တွေ ရှိတယ်။ အဓိကက နိုင်ငံရဲ့ရင်းမြစ်တွေကို လက်ဝါးကြီးအုပ်ပြီး သုံးနိုင်တယ်။ အဲဒီတော့ တခြား လက်နက်ကိုင်တပ်ဖွဲ့တွေက ရေရှည်မှာ ယှဉ်ဖို့ခက်တယ်။ 

တကယ်တော့ ဗမာနဲ့ စစ်တပ်က အတူတူ မဟုတ်ဘူး။ ဗမာလူများစုဟာ စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ နေရတဲ့အတွက် စစ်တပ်ဟာ ဗမာလူများစုဆီက ရင်းမြစ်တွေကို ထုတ်ယူသုံးစွဲနိုင်တယ် ဆိုတဲ့သဘော။  ဒါတင်မကသေးဘဲ ceasefire capitalism ကို သုံးပြီး စစ်တပ်ဟာ တခြားတိုင်းရင်းသားလူမျိုးများရဲ့ နယ်ထဲက ရင်းမြစ်တွေကိုပါ သုံးနေသေးတယ်။ အခု ဖက်ဆစ်စစ်တပ် အထိုင်တည်ထားတဲ့ လူများစုဗမာတွေကပါ ဖက်ဆစ်စစ်တပ် သုံးနေတဲ့ ရင်းမြစ်တွေကို ဖြတ်နေပြီ။ စစ်ပြင်နေပြီ။ 

နှစ် ၆၀ စစ်ပွဲ သမိုင်းမှာ အချိုးအကွေ့တစ်ခုပဲ။ သို့ပေမဲ့ လပိုင်းအတွင်းတော့ ရလဒ်ထွက်ဖို့ ခက်ဦးမှာပဲ။  ဒါကို နားလည်သဘောပေါက်အောင် လုပ်ပြီး၊ ဘယ်လို အမြင်မျိုးထားရမလဲ ဆုံးဖြတ်ရမှာပဲ။ 

ဒီဒေး ပြောလည်း ပြောပြောပဲ၊ စစ်ဆိုတာ သေနတ်ရှိမှ တိုက်လို့ရတာ။ အမိန့်ပေးစနစ်ရှိမှ တိုက်လို့ရတာ။ စစ်သဘောကို နားလည်မှ တိုက်လို့ရတာ။ ဒါကို ဒီဒေးတွေ၊ ဟိုဒေးတွေနဲ့ အရမ်းကြီးလည်း ဖီးလ်မနေကြပါနဲ့လို့။ 

စစ်ဖြစ်မှာတော့ ကျိန်းသေတယ်။ စစ်ဖြစ်တာနဲ့တူတဲ့ ဘဝတွေကိုလည်း ဖြတ်သန်းရတော့မှာ ဟုတ်တယ်။ ဒါပေမဲ့ စိတ်ကို တတ်နိုင်သမျှ ချိန်ညှိပြီး နေကြပါလို့။

ကြားရင်လည်း နားထောင်လိုက်။ ပြင်စရာရှိတာလေးတွေလည်း ပြင်ထားလိုက်။ လုပ်စရာအလုပ် ပေါ်ရင် ထလုပ်လိုက်။ လှူရမယ့်ကိစ္စ တွေ့လာရင် လှူလိုက်။ အောင်စိတ်သွင်းစရာရှိရင် သွင်းထားလိုက်။ စိတ်ဓာတ်ကျတဲ့အချိန်တွေရှိရင် ဟာသလေးတွေကြည့်၊ စိတ်ကို ခဏထွက်ပေါက် ပေးလိုက်။ ဒီလိုပဲ အားတင်းပြီး ကျော်ဖြတ်ကြရမှာပါပဲ။ 

အရေးတော်ပုံက အောင်မှာ။ ဒါပေမဲ့ အောက်တိုဘာလထဲတော့ မဟုတ်သေးဘူးလေ။

စစ်မော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013