DVB Logo
Home
Lead Story
အာဖဂန်ခေတ်ပြိုင် အနုပညာရှင်များ၏ လက်ရာများ ပြသ
DVB
·
December 13, 2013
အာဖဂန်ခေတ်ပြိုင် အနုပညာရှင်များ၏ လက်ရာများ ပြသ
Donate to DVB

အာဖဂန်ခေတ်ပြိုင် အနုပညာဆုဟာ ငယ်ရွယ်သူ အနုပညာရှင်တွေကို သူတို့ရဲ့ အရည်အချင်းတွေကို ပြသဖို့ အားပေးအားမြှောက် ပြုပေးတဲ့ နှစ်ပတ်လည် ပြိုင်ပွဲတခုပဲ ဖြစ်ပါတယ်။

ပန်းချီ၊ ပန်းပုတွေကနေ ဗွီဒီယိုတွေ တပ်ဆင်မှုအနုပညာတွေနဲ့ သရုပ်ဆောင်တင်ပြမှု အနုပညာတွေအထိ ပါဝင်ပါတယ်။

ပြပွဲက ကဘူးလ်မြို့ ဘာဂီဘာဘာမှာ ကျင်းပနေတာပါ။ တနိုင်ငံလုံးက ထူးချွန်တဲ့ လူငယ် အနုပညာရှင်တွေရဲ့ ဒါဇင်နဲ့ ချီတဲ့ အနုပညာလက်ရာတွေကို ပြသထားတာ ဖြစ်ပါတယ်။

[caption id="attachment_48353" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption]

ခေတ်ပြိုင် အနုပညာဆုကို အနုပညာနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ဗြိတိသျှ အခြေစိုက်အဖွဲ့တဖွဲ့က ၂၀၀၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ပြိုင်ပွဲကို ပြည်တွင်းက လူငယ်အနုပညာရှင် ၁၀၀ ကျော် ပါဝင် ယှဉ်ပြိုင်လာကြပြီး နောက်ဆုံးအဆင့်ကို အနုပညာရှင် ၁၀ ဦး ရောက်ရှိလာခဲ့ပါတယ်။

ပထမဆုကို ဆွတ်ခူး ရရှိတဲ့ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မာစူးဒါနူးရာက “ကျမရဲ့တပ်ဆင်မှု အနုပညာက ‘ကျမတို့သာ ပျားတွေ ဖြစ်ရင်’ ပါ။ ဒီမှာ ကျမတို့ အာဖဂန်က မဏ္ဍိုင်ကြီး ၄ ခု ဖြစ်တဲ့ ကွန်မြူနစ်တွေ၊ မူဂျာဟီဒင်၊ တာလီဘန်နဲ့ လက်ရှိ အစိုးရ ဆိုတဲ့ ပျားအုံကြီး ၄ ခု ကို တွေ့ရမှာပါ။ လက်ကိုင်ပုဝါဖြူ ၃၅ ထည်ကိုလည်း တွေ့နိုင်ပါတယ်။ လက်ကိုင်ပုဝါတွေက နိုင်ငံမှာ ဖြစ်နေတဲ့ ၃၅ နှစ်ကြာ ပြည်တွင်းစစ်ကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။

မာစူးဒါနူးရာက သူရဲ့တပ်ဆင်မှု အနုပညာက ရွေးကောက်ပွဲနဲ့ ပတ်သက်ပါတယ်။ သူက သစ်သားပျားအုံတွေကို မဲပုံးတွေအဖြစ် ပုံဖော်ထားပြီး သူက ပျားအုံက လုပ်သားပျားတွေကို ကိုယ်စားပြုတယ်လို့ ပြောတဲ့လူတွေရဲ့ ဗွီဒီယိုလည်း ပါဝင်ပါတယ်။

“ပေးချင်တဲ့သတင်းစကားက ကျမတို့က ပြည်သူလူထုတွေအတွက် အစီအစဉ်တွေကို မစဉ်းစားပဲ မဲပုံးတွေထဲကို ပျားရည်တွေ ထည့်ရုံပဲ လုပ်မယ်ဆိုရင် ကျမတို့ဟာ အတိတ်မှာ ကျမတို့ တွေ့ခဲ့ရတဲ့ အလားတူ အခြေအနေတွေကိုပဲ တွေ့ကြုံရမှာပါပဲ။ ရွေးကောက်ပွဲ အနိုင်ရတဲ့ သူတွေက ကျမတို့အတွက် အလုပ်လုပ်ပေးမှာ မဟုတ်ပါဘူး။”

အာဖဂန်နစ္စတန်က နောက်နှစ်မှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

မာစူးဒါကတော့ သူရဲ့ အနုပညာဟာ  လှုပ်နှိုးလိုက်တဲ့ အချက်ပေးသံ တခု ဖြစ်စေချင် တယ်လို့ ပြောပါတယ်။

“လူတွေက အရာရာကို လွန်ခဲ့တဲ့ဆယ်စုနှစ်ကာလတွေမှာလို ဘာသိဘာသာ သဘောမထားသင့်ဘူးဆိုတာ သိနားလည်သင့်ကြပါတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အတွက် သူတို့ တိုက်ပွဲဝင်သင့်ကြပါတယ်။” မာစူးဒါက ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော် ရရှိခဲ့ပါတယ်။

ဒီနှစ် ကာတွန်းဆုကို အသက် ၂၅ နှစ်အရွယ် နာဆာဟာရှိမိက ရရှိခဲ့ပါတယ်။

အဲဒါက လွန်ခဲ့တဲ့နှစ်တွေက တခြားတိုင်းပြည်တွေဆီက ရရှိခဲ့တဲ့အလှူငွေတွေဟာ လိုအပ်သူတွေလက်ထဲ မရောက်ဘဲ အလိုအပ်ဆုံးသူတွေဟာ ခုထိ ငတ်ပြတ်နေဆဲ ဖြစ်တယ်လို့ တင်ပြထားတာပါ။ နာဆာက ရုပ်ရှင်ပညာရပ်နဲ့ ဘွဲ့ရခဲ့သူတယောက် ဖြစ်ပြီး အခု ကာတွန်းရုပ်ရှင် ဖန်တီးသူအဖြစ် လုပ်ကိုင်နေပါတယ်။

နာဆာဟာရှိမိဟာ ရုပ်ရှင်ပွဲတော် အတော်များများမှာ ပါဝင်ခဲ့ပြီး အမျိုးသားနဲ့ နိုင်ငံတကာ ဆု ၃ ဆုကျော်ကျော် ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။

နာဆာဟာရှိမိ က “ကျနော်က အနိုင်ရဖို့ တခါမှ မတွေးမိခဲ့ပါဘူး။ ဒါပေမယ့် ကျနော် ဆုရတယ်လို့ ကြားခဲ့တဲ့ အချိန်မှာတော့ ကျနော် အများကြီး ပျော်ရွှင်မိပါတယ်။ ကျနော် ဘယ်လောက် ပျော်ရွှင်ခဲ့တယ်ဆိုတာ ပြောလို့မရပါဘူးဗျာ။ ဒီနယ်ပယ်မှာ ကျနော် ဆက်ပြီး အလုပ်လုပ်ချင်ပါတယ်။ အော်စကာလို၊ ကိန်းလို ဒါမှမဟုတ် ရွှေကမ္ဘာလုံးဆုမျိုးတွေလို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ကျနော် ၀င်ပြိုင်ချင်ပါတယ်” လို့ ပြောပါတယ်။

အစဉ်အလာယုံကြည်မှုတွေကတော့ အာဖဂန်နစ္စတန်က ရှေးရိုးစွဲ လူ့အဖွဲ့အစည်း တခုမှာ ရှိနေတဲ့ အနုပညာရှင်သစ်တွေအဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။

နာဆာဟာရှိမိက သူစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ သူ မိသားစုနဲ့ အတိုက်အခံ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

“ကျနော်မိသားစုက ကျနော့်ကို  နိုင်ငံရေးသိပ္ပံကို လေ့လာစေချင်ခဲ့တာပါ။ ဒါပေမယ့် ကျနော်က ငြင်းလိုက်ပြီး ရုပ်ရှင်ပညာကို သင်ယူခဲ့တာပါ။ ကျနော့်မိသားစုက ခုထိ ကျနော်နဲ့ သဘောမတူသေးပါဘူး။  ကျနော်မိသားစုတင် မဟုတ်ပါဘူး။ ကျနော်ရဲ့ဆွေမျိုးတွေကလည်း ကျနော်အလုပ်ကို မကြိုက်ကြပါဘူး။ လူတွေက ရုပ်ရှင်ထဲမှာ ပါတာဟာ ကောင်းတဲ့ အလုပ်မဟုတ်ဘူးလို့ ထင်နေကြတာဗျ။ ကျနော်က တနေ့တော့ ကျနော်မိသားစု နားလည် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။”

ခေတ်ပေါ် အနုပညာဟာ အာဖဂန် အများစုကြီးအတွက်ကတော့ အသစ်ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြပွဲကို လူ ၁ ထောင်ကျော်လောက် လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဒီပြပွဲကို ကြည့်ဖို့ မြို့တော်နဲ့ ကီလိုမီတာ ၈၀ ဝေးတဲ့ ဂတ်ဇ်နီပြည်နယ်က လာခဲ့တဲ့ အသက် ၅၀ ရှိပြီဖြစ်တဲ့ တာလစ်ဘ်ဟူစိန်က “ကျနော်တို့ရဲ့ အနုပညာရှင်တွေ အများကြီးတိုးတက်လာပြီလို့ ထင်ပါတယ်။ သူတို့ရဲ့ အနုပညာလက်ရာတွေ အားလုံးကို ကျနော်သိပ်စိတ်ဝင်စားပါတယ်။ ဒီပြပွဲဟာ အနုပညာတွေရဲ့ အရည်အသွေး တိုးတက်အောင်လုပ်ဖို့ သိပ်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ဒီပြပွဲက အနုပညာရှင်တွေကို သူတို့ရဲ့ ဖန်တည်းမှုတွေကို ထုတ်ဖော်ပြီး အဲဒါတွေကို ပြည်သူလူထုကို ပြသဖို့ အားပေးအားမြှောက် လုပ်ပေးနိုင်ပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယက ခရီးသည် အင်ဂျာရန်ဂျန် ဘန့်ကတော့ နိုင်ငံတိုင်းမှာ တခြားနိုင်ငံတွေနဲ့ နိုင်းယှဉ်လို့ မရနိုင်တဲ့ အနုပညာ ပုံသဏ္ဌာန်တွေ ရှိတယ်လို့ ပြောပါတယ်။

“ပန်းချီအနုပညာက ကြည့်ရှုဖို့ပါ။ ကျနော် မြင်တွေ့နေတဲ့အရာတွေက စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။ မီဒီယာစုံလက်ရာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။”

အနုပညာရှင်တယောက်ဖြစ်တဲ့ မာစူးဒါနူးရာကတော့ ခေတ်ပြိုင်အနုပညာက လူတွေရဲ့ အားမလို အားမရ မချင့်မရဲဖြစ်မှုတွေကို ထွက်ပေါက်ပေးရာမှာ အကူအညီ ဖြစ်စေနိုင်တယ်လို့ ယုံကြည်ထားပါတယ်။

“ခေတ်ပေါ်အနုပညာက ဂန္ထ၀င်အနုပညာထက် ပိုပြီး သက်ရောက်မှု ရှိပါတယ်။ ခေတ်ပေါ်အနုပညာနဲ့အတူ ကျမတို့ လူ့အဖွဲ့အစည်းက လူတွေရဲ့ပြဿနာတွေကို ကာကွယ် တားဆီးပေးနိုင်သလို ဝေလည်း ဝေဖန်နိုင်ပါတယ်။ ဂန္ထ၀င်အနုပညာအရတော့ ဖော်ပြချက် အနုပညာအတွက် နေရာအကန့်အသတ် ရှိနေပါတယ်။”

ဂါယောဝါဇီရီက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက်  အာဖဂန်နစ္စတန် ကဘူးလ်မြို့တော်ကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013