
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံဘက်ကို မြန်မာ့ဆန် တင်ပို့မှုဟာ လက်ရှိမှာတော့ လျော့နည်း ကျဆင်းလာ နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ပြောပါတယ်။
မူဆယ်နယ်စပ်စခန်းကတဆင့် တရုတ်နိုင်ငံဆီ တင်ပို့နေတဲ့ ကုန်သည်အများစုဟာ တပိုင်းတနိုင် တင်ပို့ ရောင်းချနေတဲ့ ကုန်သည်တွေ ဖြစ်လို့ လက်ရှိ ဈေးနှုန်းအရ သူတို့အနေနဲ့ တွက်ခြေ မကိုက်တာကြောင့် ဆန်တင်ပို့မှု လျော့ကျနေတာလို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ဒီပြင် တရုတ်အစိုးရက သူနိုင်ငံရဲ့ ပြည်တွင်းစားသုံးမှု လိုအပ်ချက်အတွက် ထိုင်းအစိုးရနဲ့ သဘောတူညီမှု ရယူခဲ့ပြီး ဆန်တန်ချိန် ၃ သန်းကို အစိုးရချင်းသဘောတူညီချက် G to G စနစ်နဲ့ တင်သွင်းဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်က မြန်မာ့ဈေးကွက်ဝေစု အပေါ် ခြိမ်းခြောက်မှု ရှိနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး သူက အခုလိုပြောပါတယ်။
“တရုတ်ပြည်ဈေးကွက်က ကျနော်တို့အတွက် အားသာချက်မဖြစ်ပဲနဲ့ အားနည်းချက် ဖြစ်သွားတာပေါ့နော်။ တခုတော့ ရှိပါတယ်။ မြန်မာပြည်ရဲ့ အရေအတွက် ပမာဏ တရုတ်မှာ မပေါ်ဘူး။ နဂိုကတည်းကိုက မှောင်ခိုသွားတဲ့အတွက်ကြောင့်မို့လို့ တရုတ်တွေရဲ့ အစီရင်ခံစာမှာ ကြည့်ရင် မြန်မာပြည်ရဲ့ ဆန်ဝင်တယ်ဆိုတဲ့ အစီရင်ခံစာမှာ တရုတ်မှာ မပါဘူး။ ကျနော်တို့က တရုတ်ပြည်ကို ထုတ်ကုန်ဘယ်လောက်ဆိုပြီး ထွက်တာ။ တရုတ်မှာ မြန်မာပြည်က ဆန်တင်ပို့မှုကို သုညလို့ ပြထားတယ်။ မြန်မာပြည်ကို တရားဝင် ထိခိုက်တယ်၊ မထိခိုက်ဘူးဆိုတာ ပြောရတာ ခက်တယ်။ နဂိုကတည်းကိုက တရုတ်က ထည့်ကို မတွက်ထားတာ ဖြစ်တယ်။”
မူဆယ်နယ်စပ်စခန်းကနေ တရုတ်နိုင်ငံကို ဆန်တင်ပို့မှုပမာဏက ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဆိုရင် ဆန်တန်ချိန် ၈ သိန်း တင်ပို့ထားနိုင်ပေမယ့် လက်ရှိမှာတော့ ဆန်တန်ချိန် ၂ သိန်းပဲ တင်ပို့နိုင်သေးတာကြောင့် ဆန်တင်ပို့မှုက တ၀က်နီးပါး လျော့ကျနေပါတယ်။
ပြည်တွင်းမှာ ဆန်ထုတ်လုပ်မှု စရိတ်ကြီးမြင့်လာမှုနဲ့အတူ ရာသီဥတုကြောင့် အထွက်နှုန်း ကလည်း ထင်သလောက် မထွက်ရှိတာကြောင့် ဆန်တင်ပို့မှုက အခုဘဏ္ဍာရေးနှစ်မှာတော့ လျော့ကျမှုရှိနေတဲ့အကြောင်းလည်း သူက အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ဆီက ထုတ်လုပ်မှု ကုန်ကျစရိတ်များနေတယ် ခေါ်မှာပေါ့။ ဆန်စပါးအထွက်နှုန်းက ထင်သလောက် သိသိသာသာ မထွက်လာဘူး။ တဖက်ကလည်း သွင်းကုန်တွေ ဖြစ်နေတဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစပါး နောက် လုပ်အားခ ဒါတွေရဲ့ စရိတ်တွေကလည်း တက်လာတာပေါ့နော်။ လုပ်အားခဆိုရင် ၂ ဆ လောက် တက်လာတာပေါ့။ အဲဒီတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တက်လာတယ်။ ပြည်တွင်းမှာလည်း ပြည်တွင်း ဈေးကွက် မြင့်နေတယ်။ နိုင်ငံတကာ ဆန်ဈေးကွက်ကလည်း အကျဘက်မှာ ဖြစ်နေတယ်။ မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ်က နည်းတယ်။ ထုတ်ကုန် တင်တဲ့သူတွေအတွက် မကိုက်ဘူးဖြစ်နေတယ်။ မကိုက်တဲ့အတွက် ထုတ်ကုန် အထွက် လျော့သွားတာဖြစ်တယ်။”
မြန်မာ့လယ်ယာထွက်ကုန် အများပိုင်ကော်ပိုရေးရှင်း (MAPCO)အနေနဲ့ အိတ်စပို့ အရည်အသွေးမီတဲ့ ဧည့်မထ ၂၅ မတ် ဆန် ၁ အိတ် (အလေးချိန် ၁၁၀ ပေါင်)ကို ၁ သောင်း ၃ ထောင် ၆ ရာ ၅ ဆယ်ကျပ်နှုန်းနဲ့ အ၀ယ်ရှိနေတာ ဖြစ်လို့ ပြည်တွင်းဈေးကွက်ထဲမှာ ဆန်ဈေးနှုန်းက ဈေးမာနေပါတယ်။
မူဆယ်နယ်စပ်စခန်းမှာ ဧည့်မထ ၂၅ မတ်ဆန် ၁ တန်ကို မူဆယ် FOB ဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၁၀နဲ့ ၄၂၀ ကြားမှာ အရောင်းအ၀ယ်ဖြစ်တယ်လို့ သိရပါတယ်။











