DVB Logo
Home
Lead Story
နွေဉီးတော်လှန်ရေးအဆုံးအဖြတ်တိုက်ပွဲအတွက် တာလီဘန်တွေဆီက ရတဲ့သင်ခန်းစာ
DVB
·
August 24, 2021
နွေဉီးတော်လှန်ရေးအဆုံးအဖြတ်တိုက်ပွဲအတွက် တာလီဘန်တွေဆီက ရတဲ့သင်ခန်းစာ
Donate to DVB

ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စု အာဏာသိမ်းထားတာက ၆ လ ကျော် ၇ လနီးပါးရှိနေပြီ ဖြစ်ပေမဲ့ စစ်အာဏာသိမ်းထားတာကို မခံမရပ်နိုင်တဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေးလှိုင်းလုံးဟာ  ယနေ့အချိန်ထိ ခက်ထန်မာကြောနေဆဲပါ။

၁၉၈၈ ခုနစ် အရေးတော်ပုံရဲ့ စံချိန်ကိုတောင် ချိုးသွားပါပြီ။ ရှစ်လေးလုံးအရေးတော်ပုံတုန်းက တော်လှန်ရေးဒီရေကို ၁ လ ကျော်လောက်သာ ထိမ်းထားနိုင်ပြီး ကနေ့နွေဉီးတော်လှန်ရေးကတော့ ၆လကျော်ကြာမြင့်တဲ့အထိ အရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်တိုက်ပွဲဝင်နေဆဲပါ။ ရှစ်လေးလုံးအရေးတော်ပုံတုန်းက မဆလရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်နေဝင်း၊ ဗိုလ်စိန်လွင်၊ ဗိုလ်မောင်မောင်တို့ နုတ်ထွက်သွားရတဲ့ အားသာချက်တွေရှိနေသော်ငြား ဒီမိုကရေစီအမည်ခံတဲ့ အတုအယောင်ရွေးကောက်ပွဲ စင်မြင့်ပေါ်ကို တက်ရောက်သွားခဲ့သည်အထိ ဖြစ်ပျက်ခဲ့ရပါတယ်။

အာဏာသိမ်းမှုဖြစ်ပေါ်လာခဲ့ရင် တော်လှန်တိုက်ပွဲဝင်ရန် လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်ဖို့ သဘောထားတော့ ရှိမနေခဲ့ပါဘူး။ အဲ့ဒီကာလက ကမ္ဘာ့အခင်းအကျင်းကလည်း လက်နက်ကိုင်တော်လှန်ရေးအစား အကြမ်းမဖက်တော်လှန်ရေး၊ နိုင်ငံရေးအံတုမှုတွေကို အနောက်နိုင်ငံတွေကနေ အာရှနဲ့ ကမ္ဘာကြီးကို တင်ပို့နေတဲ့ကာလပါ။ ဒီကနေ့ကာလမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးကို နည်းနာတစ်ခုအနေနဲ့ လက်ခံထားသလို ဒီမိုကရေစီအင်အားစုအသီးသီးကလည်း ကိုယ်ပိုင်အစီအစဉ်တွေနဲ့ စုစည်းပြင်ဆင်နေတာကို တွေ့ရပါတယ်။ လက်ရှိကာလက စေ့စပ်ညှိနှိုင်းရေးဟာ တော်လှန်ရေးရဲ့ ရန်သူလို့တောင် အင်အားစုအသီးသီးက လက်ခံထားကြပါတယ်။ ဒါကြောင့်မို့ ဗမာ့နွေဉီးတော်လှန်ရေးက လက်နက်စွဲကိုင်တော်လှန်ရေးကပဲ အဆုံးအဖြတ်ပေးတော့မယ့် တိုက်ပွဲဆိုတာ မြေကြီးလက်ခတ်မလွဲပဲဖြစ်ပါတယ်။ 

ဩဂုတ်လ ၁၅ ရက်နေ့မှာ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်ကို တာလီဘန်တပ်တွေက သိမ်းပိုက်ရယူပြီး နှစ်ပေါင်း ၂၀ အကြာမှာ အာဏာကို နောက်ထပ်တစ်ကြိမ်ရရှိ လိုက်ပြန်ပြီဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က အမေရိကန်နဲ့ မဟာမိတ်တွေ တင်မြှောက်ထားတဲ့ ရုပ်သေး Ashraf Ghani အစိုးရကို ဖြုတ်ချတဲ့သတင်းက ကမ္ဘာ့သတင်းစာမျက်နှာမှာ ရေပန်းစားနေတာကို တွေ့ရပါတယ်။

တာလီဘန်တွေနဲ့ ပက်သက်လာရင် အငြင်းပွားဖွယ်တွေ၊ မေးခွန်းထုတ်စရာတွေ အမြောက်အမြားရှိနေပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ လက်ယာစွန်းတဲ့ ဘာသာရေးအခြေခံတဲ့ အစ္စလာမစ်နိုင်ငံထူထောင်မယ်ဆိုတာတွေက ဒီမိုကရေစီစနစ်ကို ကျောခိုင်းတဲ့ အပြုအမူတွေက နွားခြေရာခွက်ကို လှည်းဘီးက ထပ်ချပ်မကွာ လိုက်ပါနေမြဲပါ။ တာလီဘန်တွေက အငြင်းပွားဖွယ် မေးခွန်းတွေနဲ့ ပြည့်နှက်နေပေမယ့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ပြင်းပြမှုနဲ့ လူမျိုးစုခေါင်းဆောင်တွေကို စည်းရုံးသိမ်းသွင်းနိုင်မှုက ကမ္ဘာ့ အင်အားကြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရုပ်သေးအစိုးရကို လက်နက်ကိုင်တော်လှန်ရေးကပဲ အဆုံးအဖြတ်ပေး အောင်ပွဲရယူခဲ့တယ်ဆိုတာကိုတော့ သင်ခန်းစာရယူရမှာပဲ ဖြစ်ပါတယ်။ 

တော်လှန်ရေးအမျိုးအစားတွေ  မည်ကဲ့သို့ ကွဲပြားနေပါစေ၊ နိုင်ငံရေးအရ ဖြေရှင်းမရတဲ့အခါ စစ်ရေးအရ လက်နက်စွဲကိုင်တော်လှန်ရေးဟာ အရှိတရားသမိုင်းပါ။ အာဖဂန်နစ္စတန်နိုင်ငံဟာ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေနဲ့ နိုင်ငံကြီးတွေရဲ့ အားပြိုင်ရာ စစ်တလင်းဖြစ်ခဲ့ဖူးပါတယ်။ ဒီအကျပ်အတည်း အခြေအနေတွေကပဲ တာလီဘန်လို့ ကျောင်းတော်သားဆိုတဲ့ အဖွဲ့ကို မွေးထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ၁၉၇၉ခုနစ်မှာ ကမ္ဘာ့ဝင်ရိုးစွန်းနိုင်ငံဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဆိုရှယ်လစ်ဝါဒတင်ပို့မှုကနေ အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ရောက်လာချိန် တခြားဝင်ရိုးစွန်းနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေ ပါဝင်ပက်သက်ပြီး နိုင်ငံကြီးတွေရဲ့အားပြိုင်ရာ စစ်မြေပြင်ဖြစ်ခဲ့ပါတယ်။

ဘက်တဖက်ဆီမှာအားပြိုင်မှုရဲ့ အကျိုးဆက်ကြောင့်ပဲ ၁၉၈၀-၁၉၉၂ ခုနစ်ထိ အာဏာရရှိခဲ့ပေမဲ့ ပါကစ္စတန် ထောက်ခံအားပေးမှုကြောင့် တာလီဘန်တွေက အင်အားကြီးမားလာခဲ့ပါတယ်။ တာလီဘန်တွေရဲ့ လက်နက်စွဲကိုင်ပုန်ကန်မှုကြောင့်ပဲ ၁၉၉၆ ခုနစ်မှာ တာလီဘန်တွေ အာဏာရရှိလာခဲ့ပါတယ်။ ၂၀၀၁ ခုနစ်မှာ အမေရိကန်ရဲ့  World Trade Centre ကို အိုစမာဘင်လာဒင်နဲ့ အယ်ကိုင်းဒါးတွေက ၉/၁၁ လို့ခေါ်တဲ့ လေယာဉ်ပြန်ပေးဆွဲ အကြမ်းဖက်မှု နောက်ကွယ်က ပါဝင်ပတ်သက်တယ်ဆိုတဲ့  လက်မည်းအဖြစ် အာဖဂန်နစ္စတန်ရဲ့ တာလီဘန်ကို အကြောင်းပြပြီး အမေရိကန်နဲ့ မဟာမိတ်တပ်တွေ အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်တာကြောင့် တာလီဘန်တွေ နယ်စွန်နယ်ဖျား တောတောင် လျှိုမြောင်တွေဆီ ထွက်ပြေးတိမ်းရှောင်ရပါတယ်။

အမေရိကန်ကလည်း အာဖဂန်နစ္စတန်မှာ ရုပ်သေးအစိုးရတင်မြှောက်ပြီး တာလီဘန်နဲ့ အယ်ကိုင်းဒါး အကြမ်းဖက်သမားတွေကို အမြစ်ဖြတ်ချေမှုန်းကာ ဒီမိုကရေစီထွန်းကားစေရမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်ရဲ့ လေလှိုင်းထဲက ကြွေးကြော်သံနောက်မှာ အာဖဂန်နစ္စတန်ရုပ်သေးအစိုးရက လာဘ်စာမှု၊ အကျင့်ပျက်ခြစားမှုတွေကြောင့်ပဲ နှစ် ၂၀အကြာမှာ တာလီဘန်တွေ မြို့တော်ကာဘူးလ်ဆီ ချီတက်လာခဲ့ပြီး အမေရိကန်ရဲ့ ဒီမိုကရေစီတင်ပို့မှုက တစ်ခန်းရပ်သွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်စစ်မြေပြင်ကလည်း အမေရိကန်က ဗီယက်နမ်စစ်မြေပြင်ကလို ထွက်ပြေးသွားခဲ့ရပြီး တာလီဘန်တွေကလည်း ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံကြီးတွေကို လက်နက်ကိုင်တော်လှန်ရေးကပဲ အောင်ပွဲခံသွားတာဖြစ်ပါတယ်။ အာဏာရလာတဲ့ တာလီဘန်တွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသမီးတွေကို အစ္စလာမ်ဘာသာရေးအခြေခံပြီး အလုပ်လုပ်ပိုင်ခွင့်နဲ့ ပညာသင်ကြားခွင့်ပေးမယ်လို့ ပြောကြားခဲ့သလို အင်အားစုအသီးသီးပါဝင်တဲ့ ညီညွတ်ရေးအစိုးရမျိုးဖွဲ့စည်းမယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ့်လက်တွေ့မှာ ရှေးရိုးစွဲတဲ့ သမိုင်းစာမျက်နှာထဲက တာလီဘန်တွေရဲ့ အရိပ်ဆိုးကနေ ရုန်းထွက်ပြီး သမိုင်းစာမျက်နှာသစ်ကို ရေးထိုးမလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်က တာလီဘန်တွေဆီကနေ ဗမာ့နွေဉီးတော်လှန်ရေးအတွက်ပေးအပ်လိုက်တဲ့ သင်ခန်းစာကတော့ အင်အားမည်မျှပင် ကြီးမားပါစေ၊ ခိုင်မာတဲ့ သံန္နိဋ္ဌာန်နဲ့ ဇွဲလုံလ အရင်းခံကာ လူထုကို စည်းရုံးပြီး လက်နက်စွဲကိုင်တော်လှန်ပါက အောင်ပွဲမုချ ရမည်ဖြစ်ကြောင်းဆိုတာကို ဘယ်သူမှ ငြင်းချက်ထုတ်နိုင်မှာမဟုတ်ကြောင်း  သုံးသပ်တင်ပြလိုက်ပါတယ်။

အိုက်နီ(ဖြူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013