
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရေတော်မူကျေးရွာနဲ့ ဝက်လက်မြို့နယ် အုပ်ပုံကျေးရွာတို့ကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံကြဲတိုက်ခိုက်လို့ အမျိုးသား တယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၄ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ရွှေဘို မြို့တောင်ဘက် မြို့အဝင်မုခ် စ်ဆေးရေးအထိုင်ဂိတ်ရှိစစ်သားတွေက ဗုံးတပ်အသေခံဒရုန်း ၂ စင်း လွှတ်တင်ကာ ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာနဲ့ ရွှေဘိုအစပ် ဝက်လက်နယ် အုတ်ပုံကျေးရွာတို့ကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီလို တိုက်ခိုက်ခဲ့လို့ ရွှေဘိုမြို့နယ် ရေတော်မူကျေးရွာ စာသင်ကျောင်းမှာ ဒရုန်းတစင်း၊ ဝက်လက်မြို့နယ် အုတ်ပုံကျေးရွာ နေအိမ်ဝင်းထဲမှာ ဒရုန်းတစင်း ကျရောက်ပေါက်ကွဲခဲ့မူကြောင့် အုတ်ပုံရွာက အသက် ၄၀ ခန့်အရွယ် ကိုမျိုး ဗုံးစထိမှန်ကာ နေရာတင် ပွဲချင်းပြီးသေဆုံးပြီး ရေတော်မူကျေးရွာမှ အမျိုးသား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေဘို ဝက်လက် ဒေသခံက “ဒရုန်းက ကိုမျိုးဝင်း နားကျတာ။ သူက အသံကြားလို့ မော့အကြည့်မှာ သူ့အနားကျပြီး မှန်တာ။ ပွဲချင်းပြီးသေတာ။ တစီးက ရွှေဘိုနယ်က ရေတော်မူစာသင်ကျောင်းထဲ ကျတာ ၄၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ယောက်တို့ မှန်ဒဏ်ရာရတယ်”လို့ ပြောပါတယ်။
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ကလည်း ရွှေဘိုမြို့နယ် သစ်ကြီးတောရွာဘုန်းကြီးကျောင်းနဲ့ ဝက်လက် အုတ်ပုံရွာက နေအိမ်တွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းကနေပါ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်တော် ၆၀ အရွယ် ဦးပဉ္ဇင်းတပါးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်တို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး အုပ်ပုံကျေးရွာမှ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကာ နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ကတုတ်ကျင်းတွေ တူးထားကြဖို့နဲ့ အမြဲသတိနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Photo: CJ










