မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကင်းပန်းရွာမှာ သြဂုတ် ၂၃ ရက် မနက်အစောပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများတဲ့ တပ်ထွက် အမျိုးသား တစ်ဦး နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ရွာခံတစ်ယောက်က “ မနက် ၃ နာရီလောက်က စစ်ကောင်စီ သတင်းပေးဒလန်လုပ်ကိုင်နေတဲ့ ကိုသော်တာရဲ့အိမ်ကို ခဲတွေနဲ့ ဝိုင်းထုပြီး အပြင်ထွက်လာတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်သတ်သွားတာ။ နေရာမှာ ပွဲချင်းပြီးသေသွားတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
အဲဒီသေဆုံးတဲ့သူဟာ စစ်သားဟောင်း တစ်ယောက်ဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေကို မဟုတ်မမှန်သတင်းပေးကာ ရွာသားတွေကို အမျိုးမျိုးဒုက္ခပေးတာကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ကိုသော်တာကို ဘယ်လက်နက်ကိုင်အဖွဲ့စည်းက ပစ်သွားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။
ထီးလင်းမြို့နယ်၊ အင်းနားရွာမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။