DVB Logo
Home
Lead Story
အာဖဂန် သင်ခန်းစာ
DVB
·
August 22, 2021
အာဖဂန် သင်ခန်းစာ
Donate to DVB

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဩဂုတ်လ ၁၄) ရက်နေ့က အာဖဂန်နိုင်ငံမြို့တော် ကဘူးလ်မြို့ထဲကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ တာလီဘန်တပ်ဖွဲ့တွေ ဝင်‌ရောက်လို့ လာခဲ့ပါပြီ။ တာလီဘန်တပ်ဖွဲ့တွေ ကဘူးလ်မြို့တော်ကို ဝင်ရောက်မလာမီ တရက်အလိုကတည်းက အာဖဂန်သမ္မတ မိုဟာမက်ကာဇိုင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ကဘူးလ်မြို့တော်က လေယာဉ်နဲ့ ပြည်ပ ထွက်ပြေးသွားခဲ့ကြပါပြီ။ သတင်းတွေအဆိုအရတော့ အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို ရောက်ရှိသွားကြပြီလို့ ဆိုပါတယ်။ တာလီဘန်တပ်ဖွဲ့တွေဟာ အာဖဂန်စစ်ပွဲ စတင်ပြီး တပတ်အတွင်း အာဖဂန်မြို့တော် ကဘူးလ်ကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် တကမ္ဘာလုံးက ထိတ်လန့်အံ့ဩခဲ့ရပါတယ်။

တကယ့်အခြေအနေမှာကို သိကြတဲ့လူတွေကတော့ မအံ့ဩခဲ့ကြပါဘူး။ အာဖဂန်အစိုးရ တပ်ဖွဲ့တွေက တိုက်ပွဲမစခင်ကတည်းက ပြိုကွဲပျက်စီးနေတဲ့တပ် ဖြစ်ပါတယ်။ အာဖဂန်တိုက်ပွဲမှာ တာလီဘန်တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲပေါင်း ၁၂၀ ကျော် တိုက်ခဲ့ရတယ်ဆိုပေမဲ့ တိုက်ပွဲအများစုမှာ အစိုးရတပ်ဖွဲ့တွေက သေနတ်သံထွက်တာနဲ့ တပ်စခန်းကို စွန့်ခွာထွက်ပြေးတာ၊ လက်နက်ချ အဖမ်းခံတာ အများစုပါ။  အကျင့်ပျက် ခြစားနေတဲ့ အာဖဂန်အစိုးရအဖွဲ့နဲ့ ကြွယ်ဝချမ်းသာနေတဲ့ အကျင့်ပျက် တပ်မှူးကြီးငယ်တွေအတွက် ဘယ်အာဖဂန်တပ်သားကမှ အသေခံ ခုခံကာကွယ်ပေးဖို့ သဘောထားမရှိကြပါဘူး။ တပ်အင်အားစာရင်းတွေ အပိုပြ ဖောင်းပွလာအောင် စာရင်းလိမ်ပြနေတဲ့ တပ်မှူးတွေ၊ အမေရိကန်ကပေးတဲ့ လက်နက်ကျည်ဆန်တွေကအစ  စစ်ဝတ်စုံကိရိယာ တန်ဆာပလာတွေအထိ မှောင်ခိုဈေးမှာ ရောင်းစားရင်း ကြီးပွားချမ်းသာနေတဲ့ စစ်ခေါင်းဆောင်တွေကို အစိုးရစစ်သားတွေက စိတ်ပျက် အယုံအကြည်မဲ့နေခဲ့ကြတာ ကြာပါပြီ။ ဒါ့ကြောင့်လည်း တာလီဘန်တပ်ဖွဲ့တွေရဲ့ သေနတ်သံ ထွက်လိုက်တာနဲ့ လက်နက်ချ အဖမ်းခံလိုက်ကြတာ ထောင်နဲ့သောင်းနဲ့ချီပြီး ရှိခဲ့ကြပါတယ်။ 

အင်အား ၃ သိန်းကျော်စာရင်းအရ ရှိနေတဲ့ အာဖဂန်အစိုးရ ကာကွယ်ရေးတပ်မတော် တည်ဆောက်ရေးအတွက် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်အစိုးရ အဆက်ဆက်က ပေးခဲ့တဲ့ စစ်ရေးအကူအညီ ဒေါ်လာဘီလီယံ ၈၀ ကျော် ရှိခဲ့ပါတယ်။ စစ်လက်နက် ကြီးငယ်မျိုးစုံသာ ပေးခဲ့ရုံမက အာဖဂန်လေတပ်ကိုပါ ခေတ်မီတိုက်လေယာဉ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အာဖဂန် စစ်ပွဲအရှိန်အဟုန်ပြင်းတက်လာချိန်မှာ အာဖဂန်အစိုးရရဲ့ လေကြောင်းပစ်ကူမပေးနိုင်ခဲ့ကြပါဘူး။ ဒီလိုအခြေအနေအောက်မှာ အင်အား ၃ သိန်းရှိတဲ့ အစိုးရတပ်ဖွဲ့ကြီး တပတ်အတွင်း  ပြိုကွဲသွားတာ ဘာမှ မဆန်းလှပါဘူး။ 

အရင်းလဲရင် အဖျား ထင်းဖြစ်ကြရတာ မဆန်းပါဘူး။ အာဖဂန်အစိုးရ ပြည်ပထွက်ပြေးပြီး တာလီဘန်တပ်ဖွဲ့တွေ ကဘူးလ်မြို့ထဲ ဝင်ရောက်လာချိန်မှာ ကဘူးလ်မြို့တော်သားတွေ ရာနဲ့ ထောင်နဲ့ချီပြီး ထွက်ပြေးဖို့ ကဘူးလ်နိုင်ငံတကာလေဆိပ်ကြီးထဲ အလုအယက် ချိုးဖျက် ဝင်ရောက်ခဲ့ကြပါတယ်။ အမေရိကန်ပြန်မယ့်လေယာဉ်မှန်သမျှ တိုးဝှေ့တက်ရောက်ကြပါတယ်။ C-130 ကုန်တင်လေယာဉ်ကြီးတစင်းပေါ်မှာ တင်ဆောင်နိုင်တဲ့ လူဦးရေထက် ၅ ဆ ပိုများလောက်အောင် တက်ရောက်ခဲ့ကြတယ်။ မတက်နိုင်တဲ့လူတချို့က လေယာဉ်ဘီးကြားမှာ အန္တရာယ်ကြီးစွာ နေရာယူထားကြပါတယ်။ လေယာဉ်ထွက်လို့မရအောင် ဖြစ်နေပါပြီ။ 

ဒီအတောအတွင်း ဟာသတပုဒ်က လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ လေယာဉ်မယ်က လူတွေကို ဘယ်လိုမှ အကြိမ်ကြိမ် တောင်းပန်နှင်ချလို့မရချိန် စကားတခွန်း ပြောင်းပြောလိုက်မှ ခရီးသည်တွေအားလုံး လေယာဉ်ပေါ်က ဆင်းပြေးပါသတဲ့။ လေယာဉ်မယ် ပြောင်းပြောလိုက်တဲ့ စကားက ‘ခရီးသည်များရှင့် ဒီလေယာဉ်ဟာ အမေရိကန်ခရီးစဉ် မဟုတ်ဘဲ မြန်မာပြည်ကို သွားမည့်ခရီးစဉ် ဖြစ်ပါတယ်ရှင့်’ ဟူသတည်း။ 

မြန်မာပြည်ကို သွားရမယ့် ခရီးစည်ဟာ အာဖဂန်မှာထက် ပိုမိုဆိုးဝါးကြမ်းတမ်းတဲ့ဘဝ တွေ့ကြုံရနိုင်လို့ ခရီးသည်အားလုံး ဆင်းပြေးကြတဲ့သဘောပါ။ မြန်မာပြည်မှာ မကြာခင် အထွေထွေပြည်တွင်းစစ်ကြီးတရပ် ပေါ်ပေါက်တော့မှာပါ။ 

NUG အစိုးရရဲ့ ကာကွယ်ရေးတပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တိုင်းနှင့် ပြည်နယ်၊ ခရိုင်မြို့နယ်အသီးသီးက PDF တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး သေနင်္ဂဗျူဟာထိုးစစ်ကြီး တရပ်ဆင်နွှဲမယ့် (D-day) ကို မကြာခင် ကြေညာတိုက်ခိုက်တော့မှာပါ။ မြို့ကြီးပြကြီးတွေပေါ်က မြို့ပြပြောက်ကျားတွေကလည်း တိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြပါပြီ။

ဒီအထွေထွေထိုးစစ်ကို အကျင့်ပျက် ခြစားနေတဲ့ စိတ်ဓာတ်ပျက်ပြား ကျဆင်းနေတဲ့ စကစရဲ့ အင်အား ၅ သိန်းရှိတယ်ဆိုတဲ့ တပ်က ခုခံကာကွယ်နိုင်စွမ်း မရှိပါဘူး။ အာဖဂန်အစိုးရတပ်ဖွဲ့လိုပဲ လက်နက်ချ ကူးပြောင်းကြမှာပါ။

တာလီဘန်တပ်ဖွဲ့တွေလို တပတ်အတွင်း မြို့တော်ကို မသိမ်းနိုင်တောင် လအချို့အတွင်း နေပြည်တော်ကို သိမ်းနိုင်ပါလိမ့်မယ်။ အာဖဂန်အစိုးရအဖွဲ့ဝင်တွေလို စကစ အဖွဲ့ဝင်တွေကလည်း အခုချိန်ဆို တရုတ် သို့မဟုတ် ရုရှားကို ပြေးဖို့ အထုပ်ပြင်နေကြပါပြီ။ မြန်မာနွေဦးတော်လှန်ရေး အောင်ပွဲခံဖို့ အာဖဂန်နိုင်ငံ အပြောင်းအလဲတွေက သင်ခန်းစာကောင်းတွေ ပေးနေချိန် ဖြစ်ပါတယ်။ 

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013