စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ဘုန်းကောင်းကျေးရွာအုပ်စုထဲက ဘုန်းကောင်းရွာနဲ့ ထုံးကြိုင်ရွာထဲကို ဩဂုတ် ၂၁ ရက် နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီတပ်တွေ သေနတ်တွေနဲ့ ပစ်ခတ် ဝင်ရောက်လာတာကြောင့် ဒေသခံရွာသား ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ သိရပါတယ်။
ဘုန်းကောင်းရွာသားတစ်ဦးက “သေနတ်တွေ၊ လက်နက်ကြီးတွေ ပစ်ဝင်လာတာဗျ။ ပထမတုန်းက ကျနော်တို့ သင်္ချိုင်းကုန်းကို ဒီကောင်တွေ ခဏနားတယ်ဗျ။ နောက်တော့ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ပြီး ဝင်လာတယ်။ ရွာသားတွေလည်း အကုန်ထွက်ပြေး ကြရတာ။ လက်ရှိအချိန်အထိ မထွက်သေးဘူး။ ရွာထဲက အိမ်တွေထဲက ဘာတွေယူကြဦးမလဲ မသိဘူး” လို့ ပြောပါတယ်။
လတ်တလောမှာတော့ ဘုန်းကောင်းကျေးရွာနဲ့ ထုံးကြိုင်ရွာက အိမ်ခြေ ၂၀၀ လောက်က ပြည်သူတွေ ထွက်ပြေးနေရတာပါ။
စစ်ကိုင်းတိုင်း၊ ကနီဒေသတဝိုက် နယ်မြေတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းပေါင်း ၄၀ ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နေရာ ၃ နေရာကနေ တွေ့ရှိထားပါတယ်။