DVB Logo
Home
Lead Story
အာဖဂန်နစ္စတန်၊ အမေရိကန်အခက်၊ တရုတ်အချက်
DVB
·
August 21, 2021
အာဖဂန်နစ္စတန်၊ အမေရိကန်အခက်၊ တရုတ်အချက်
Donate to DVB

ဇန်နဝါရီလတုန်းက ရာထူးလက်ခံယူတဲ့မိန့်ခွန်းမှာ ဂျိုးဘိုင်ဒင်က ကျနော်တို့ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ပြန်ပြင်ပါမယ်။ ကမ္ဘာကြီးနဲ့ ပြန်ပြီးပေါင်းစည်းသွားပါမယ်လို့ ကတိပေးခဲ့တယ်။ လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ခေါင်းဆောင်မှုနေရာကို အမေရိကန်ပြန်ယူပါမယ်လို့ အာမခံခဲ့တယ်။ သူ့စကားအတိအကျကတော့ ကျနော်တို့ဟာ အင်အားအရာမှသာမက၊ စံပြုထိုက်အောင် ဦးဆောင်မှုပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး အရာမှာ အမေရိကန်ပြည်ထောင်စုဟာ ခိုင်မာပြီး ယုံကြည်ထိုက်သူ ဖြစ်စေရမယ်လို့ ပြောခဲ့တယ်။ ဒေါ်နယ်ထရမ့်လက်ထက်မှာ တကိုယ်တော်ဆန်ခဲ့ပြီး နိုင်ငံတကာကုန်သွယ်ရေးလို ကိစ္စတွေကို မျက်ကွယ်ပြု၊ မဟာမိတ်တွေ မထီမဲ့မြင်ပြုခဲ့တဲ့ခေတ်ဟာ ဂျိုးဘိုင်ဒင် တက်လာတဲ့အခါမှာ တခန်းရပ်သွားပါတယ်။

အာရှဒေသမှာ ဒီကိစ္စက ရှင်းပါတယ်။ ဒေါ်နယ်ထရမ့်ခေတ်မှာ အလှုပ်အယမ်းများခဲ့တဲ့ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ဆက်ဆံရေးဟာ ပြန်ကောင်းမွန်လာပါတယ်။ ဘိုင်ဒင်ဟာ အာရှအဓိက  မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ ထိုင်ဝမ်တို့ရဲ့ အကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ အခိုင်အမာ အာမခံတယ်။ ဘာရတ်အိုဘားမားလက်ထက်မှာ စတင်ပုံဖော်ခဲ့တဲ့ အာရှဗဟိုပြုမူဝါဒကို ဘိုင်ဒင်လက်ထက်မှာ ပြန်လည်အသက်သွင်းတော့မယ့် သဘောမျိုး ပေါ်လွင်လာခဲ့ပါတယ်။

အိုဘားမားလက်ထက် မဟာဗျူဟာရဲ့ ဗိသုကာအဖြစ် ထင်ကြေးပေးကြတဲ့ ကတ်ကမ်းဘဲလ်ဟာ အမျိုးသားလုံခြုံရေးကောင်စီမှာ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးဖြစ်လာတယ်။ အာရှပစိဖိတ်ဒေသမှာ အမေရိကန်နဲ့ ဒီမိုကရေစီမဟာမိတ်တွေဖြစ်ကြ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယတို့ စုဖွဲ့ထားတဲ့ “Quad” အဖွဲ့ဟာလည်း ဆယ်စုတစ်ခုလောက် အမေ့လျော့ခံ အခြေအနေကနေ ထည်ထည်ဝါဝါ ပြန်ဖြစ်လာတယ်။ ဘိုင်ဒင်ရာထူးလက်ခံပြီး နှစ်လအကြာမှာပဲ အာရှနေတိုးအဖြစ် ယူဆနိုင်တဲ့ ဒီအဖွဲ့ဟာ ဒေသတွင်းမှာ တရုတ်ကို အင်အားချိန်ခွင်လျှာညှိမယ့် ခိုင်မာတောင့်တင်းတဲ့အဖွဲ့အဖြစ် မားမားမတ်မတ်ထွက်ပေါ်လာတယ်။

ဒီလို ဆိုတဲ့အတွက် အာရှဒေသတစ်ခုလုံးမှာ တပြေးညီတော့ မဟုတ်ပါဘူး။ အထင်ရှားဆုံး ဥပမာကို ပေးရရင် အာဖဂန်နစ္စတန်ပါပဲ။ ဘိုင်ဒင်က အာရှနေတိုးအဖွဲ့ကို ပြန်လည်အသက်သွင်းနေတဲ့အချိန်မှာ အာဖဂန်မြေပေါ်ကနေ အမေရိကန်တပ်တွေ ထွက်ခွာဖို့ ဒေါ်နယ်ထရမ့်ရဲ့ ပေါ်လစီကိုတော့ ဘိုင်ဒင်က ဆက်ခံအကောင်အထည်ဖော်တယ်။ မနှစ်က ထရမ့်နဲ့ တာလီဘန်အဖွဲ့တို့ကြားမှာ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့တယ်။ တာလီဘန်တွေ တောင်းဆိုတဲ့အတိုင်း တာလီဘန်အကျဉ်းသား ၅၀၀၀ ကို ပြန်လွှတ်ပေးဖို့ ထရမ့်က အာဖဂန် အစိုးရကို တောင်းဆိုခဲ့တယ်။ ဒါကို သဘောမတူတဲ့ အာဖဂန် အာဏာရ အသိုက်အဝန်းမှာ ဘိုင်ဒင် တက်လာတဲ့အခါမှာ ကောင်းလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူး။

ကမ္ဘာကြီးနဲ့ အရင်လိုပြန်ဆက်ဆံမယ်လို့ ကတိပြုပြီး ၆ လအကြာမှာ သမ္မတ ဂျိုးဘိုင်ဒင်က အာဖဂန် သမ္မတအက်စ်ရက်ဖ်ဂါနီနဲ့ တွေ့တဲ့အခါမှာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ပြန်လည်ထွက်ခွာမယ့်အစီအစဉ်ကို ဘာအကျိုးဆက်ပဲဖြစ်ဖြစ် မပြောင်းလဲတော့ဘူးဆိုတာ သေချာသွားခဲ့တယ်။ ဒါပေမဲ့ အမေရိကန်ဟာ အာဖဂန်နစ္စတန်ကို မျက်နှာလွှဲခဲပစ် မလုပ်ပါဘူးလို့ ဘိုင်ဒင်က နှစ်သိမ့်တယ်။ ဒါကို သက်သေပြဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်းကို ပို့ပေးခဲ့ပါတယ်။ တာလီဘန်တွေ ပြန်လာတဲ့အချိန်အထိ ပြည်သူတွေကို အသက်ရှည်စေချင်တဲ့ စေတနာလို့ ပြောရမလားပဲ။

အခုတော့ တာလီဘန်တွေ ပြန်လာပါပြီ။ မြို့တော် ကဘူးကို တက်သိမ်းလို့ သမ္မတ ဂါနီလည်းထွက်ပြေးသွားရတယ်။ အမေရိကန်ကလည်း သံရုံးကို ကယ်တင်လိုက်ရတယ်။ ဒီမှာ ထင်ရှားသွားတဲ့အချက်က အမေရိကန်အစိုးရဟာ တာလီဘန်တွေကို လျှော့တွက်ခဲ့တယ်ဆိုတာပါပဲ၊ နှစ်ပေါင်း၂၀ စာ ကြိုးစားခဲ့သမျှ သဲထဲရေသွန် အဖြစ်မျိုး။

တာလီဘန်တွေခေတ် ပြန်လာပြီဆိုတာနဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေး အခြေအနေက ခေတ်နောက်ပြန်ဆွဲမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တာလီဘန်တွေဟာ မီဒီယာတွေကို ပိတ်ပင်၊ အမျိုးသားတွေကို မုတ်ဆိတ်အရှည်ထားခိုင်းပြီ၊ အမျိုးသမီးတွေကို တစ်ယောက်တည်း အိမ်အပြင် မထွက်ခိုင်းတော့ပါဘူး။ တာလီဘန်တွေဟာ တစ်အိမ်တက်ဆင်း စစ်ဆေးရေးဝင်မယ်။ မိန်းကလေးငယ်တွေကို အသက် ၁၂ နှစ်လောက်နဲ့ လင်ယူသားမွေးလုပ်ခိုင်းမယ်။ အမျိုးသမီးတွေကို လုပ်ငန်းခွင်ကနေ နှင်ထုတ်မယ်။ ဒါကြောင့် မေလအဆုံးလောက်ကစလို့ တာလီဘန်တပ်တွေ စစ်ချီလာတဲ့လမ်းတစ်လျှောက်မှာ စစ်ပြေးဒုက္ခသည်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ဆိုတယ်။ အခုလို တာလီဘန်တွေ တစ်နိုင်ငံလုံးကို သိမ်းလိုက်တဲ့အခါ ပြေးစရာမြေ မရှိတော့ပါဘူး။

တာလီဘန်တွေခေတ် ပြန်ရောက်လာတဲ့အတွက် ဒေသတစ်ခုလုံးအတွက်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်တွေ ပေါ်လာတယ်။ အာရှရဲ့ အလယ်ဗဟိုမှာ အကြမ်းဖက်သမားတွေအတွက် လွတ်မြောက်နယ်မြေရရှိသွားတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှတခွင်မှာ  အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေအတွက် ဝမ်းမြောက်စရာပါပဲ။ ISIS အဖွဲ့တွေ ပြန်လည် ခေါင်းထောင်လာဖို့ လမ်းဖွင့်ပေးသလိုတောင် ဖြစ်သွားနိုင်တယ်။ ၂၀၁၁ တုန်းက အီရတ်ကနေ အမေရိကန်တပ်တွေ ပြန်လည်ရုပ်သိမ်းခဲ့တဲ့အချိန်တုန်းက ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတယ် မဟုတ်လား။ 

အာဖဂန်နစ္စတန်မှာ ဘာသာရေးအစွန်းရောက်အုပ်စုတွေ ခေါင်းထောင်လာရင် အိမ်နီးချင်း ၆ နိုင်ငံအတွက် အန္တရာယ်ရှိလာတယ်။ မွတ်စလင်လူဦးရေများတဲ့ အိန္ဒိယနဲ့ အရှေ့တောင်အာရှအတွက်လည်း အန္တရာယ်ပါပဲ။ လောလောဆယ်မှာတင် မင်ဒါနာအိုနဲ့ ကက်ရှမီးယားဒေသတို့မှာ အစ္စလာမ္မစ် သောင်းကျန်းမှုတွေက အရှိန်မသေးတဲ့ အခြေအနေမို့ပါပဲ။ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ဆိုရင် ISIS အဖွဲ့တွေဘက်က ဝင်တိုက်ပေးဖို့ ဆီးရီးယား သွားခဲ့တဲ့ လူငယ်တွေနိုင်ငံပြန်လာကြတဲ့ ပြဿနာကို အတော် ခေါင်းစားနေကြတယ်။ ကမ္ဘာမြေပုံကို အမေရိကားက ဘယ်လို မှန်ပြောင်းမျိုးနဲ့ ကြည့်နေသလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ အခု အာဖဂန်နစ္စတန်နိုင်ငံ အခြေအနေကြောင့် ရတက်မအေးဘဲ ကျန်နေတဲ့ နိုင်ငံတွေဟာ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေပါပဲ။

ဒေသတွင်းက အိန္ဒိယဆိုရင် တရုတ်နဲ့ အစဉ်အလာ ရန်ဘက်လည်းဖြစ်၊ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်လည်း ဟုတ်တယ်။ ဒါပေမဲ့ အခု အမေရိကန်ပေါ်လစီကြောင့် အိန္ဒိယလည်း အန္တရာယ်များနေပြီ၊ အာဖဂန်ရဲ့ ရုတ်ချည်းအပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်မထားတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယလည်း ပါဝင်တယ်။ တာလီဘန်တွေကို ထိန်းချုပ်ထားတဲ့ ပါကစ္စတန်ဟာ အိန္ဒိယရဲ့ အဓိက ရန်သူဖြစ်နေတယ်။ အနီးနားမှာ မွတ်စလင် စစ်သွေးကြွတွေ အာဏာရလာတာ ဟိန္ဒူ အမျိုးသားရေးဝါဒကို အားပြုတဲ့ အစိုးရအတွက် အန္တရာယ်ဆိုတာ အထူးပြောစရာတောင် မလိုတော့ပါဘူး။

တကယ်ကျတော့ အမေရိကားဟာ အာရှမှာ တရုတ်ပါဝါကို ထိန်းချုပ်ပြီး ခေါင်းဆောင်မှုနေရာကို ပြန်ယူဖို့ အသဲအသန်ကြိုးပမ်းနေတဲ့အချိန်မှာပဲ အာဖဂန်နစ္စတန်ကနေ တာဝန်မဲ့ ထွက်ခွာသွားခဲ့တယ်။ တရုတ်ကလည်း ဒါကို အသုံးချပြီး အမေရိကားဆိုတာ အားကိုးလောက်စရာမဟုတ်တဲ့ မဟာမိတ်ပါလို့ အာရှနိုင်ငံတွေကို မီးမောင်းထိုးပြပြီး သွေးခွဲနေတယ်။  ဘယ်သူမပြု မိမိမှုဆိုသလို၊ မပြေးသော်လည်း ကန်ရာရှိဆိုသလို အာဖဂန်နစ္စတန်နဲ့ဆိုင်တဲ့ ဘိုင်ဒင်ရဲ့ ပေါ်လစီဟာ အာရှမှာ  အမေရိကန်အခက်၊ တရုတ်အချက်ဖြစ်စေတာကတော့ ဘယ်လိုမှ မငြင်းဆိုနိုင်တော့ပါဘူး။

နေသွင်ညိဏ်း

ရည်ညွှန်း။ ။ Rely on America? The Lessons for Asia as Biden Deserts Afghanistan (Time)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013