DVB Logo
Home
မြန်မာသတင်း
မြန်မာကို ကိုဗစ်အလှူငွေ ဒေါ်လာ ၄ ဒသမ ၇ သန်းကျော်နှင့် ပစ္စည်းများ ကူညီမည်ဟု နိုင်ငံပေါင်းစုံ ကတိပြု
DVB
·
August 19, 2021
မြန်မာကို ကိုဗစ်အလှူငွေ ဒေါ်လာ ၄ ဒသမ ၇ သန်းကျော်နှင့် ပစ္စည်းများ ကူညီမည်ဟု  နိုင်ငံပေါင်းစုံ ကတိပြု
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံနဲ့ မိတ်ဖက် နိုင်ငံပေါင်းစုံက အမေရိကန်ဒေါ်လာ ၄,၇၃၄,၁၂၂ ကျော်နဲ့ ပစ္စည်းတွေ ကူညီပေးမယ်လို့ ကတိကဝတ်ပြုလိုက်ပါတယ်။

ဩဂုတ် ၁၈ ရက်က Video conference စနစ်နဲ့ ကျင်းပတဲ့  အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အစည်းအဝေးမှာ နိုင်ငံအသီးသီးက ကတိပြုလိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒီ အစည်းအဝေးမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂနဲ့ နယူးဇီလန်နိုင်ငံတို့က ငွေကြေးအထောက်အပံ့ အားဖြင့် အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ ဩစတြေးလျဒေါ်လာ ၅ သန်းနဲ့  ယူရို ၃၇၀,၀၀၀  (စုစုပေါင်း ကန်ဒေါ်လာ ၄,၇၃၄,၁၂၂ )   ကို လှူဒါန်းဖို့ ကတိပြုခဲ့တယ်။ 

ဒါ့အပြင် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဩစတြေးလျ၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံတို့က ပစ္စည်းအားဖြင့် ကူညီမယ်လို့လည်း ကတိ ကဝတ်ပြုခဲ့ကြပြီး ငွေကြေးနဲ့ ပစ္စည်းအထောက်အပံ့တွေ အားလုံးကို အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှတဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့က မြန်မာနိုင်ငံနဲ့သူ့ပြည်သူတွေ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဘွီသန်ဆွန်က အစည်းအဝေးမှာ ပြောပါတယ်။ 

ဗီယက်နမ်က ဒေါ်လာ ၁ သိန်း တန်ဖိုးရှိတဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေကို အရင်ဆုံးထောက်ပံ့ပေးဖို့ ကတိပြုခဲ့ပါတယ်။ အာဆီယံနိုင်ငံများနဲ့ မိတ်ဖက်နိုင်ငံတွေက မြန်မာနိုင်ငံအတွက် ကူညီပေးဖို့ ကတိပြုကြတဲ့  ပမာဏဟာ ငွေနဲ့ ပစ္စည်းစုစုပေါင်းတန်ဖိုး  ဒေါ်လာ ၉ သန်းလောက်ရှိမယ်လို့  ဗီယက်နမ်သတင်းမှာ ရေးပါတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ကမ္ဘောဒီးယားနဲ့ မြန်မာနှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကိုပြတဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆေးဝါးအထောက်အပံ့တွေ၀ယ်ယူရေးအတွက် ဒေါ်လာ ၂ သိန်း လှူဒါန်းမယ်လို့ ကတိပြု ပြောကြားထားပါတယ်။ 

အစည်းအဝေးမှာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ AHA စင်တာတို့က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အဆင့်နှစ်ဆင့် ခွဲပြီး ပေးအပ်မှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်မှုကို အာရုံစိုက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်ကယ်အကူအညီနဲ့ လူနေမှုဘ၀ တည်ငြိမ်စေဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအမံတွေကို အကောင်အထည် ဖော်ခြင်း ဆိုတဲ့ အဆင့် ၂ ဆင့်နဲ့ ပေးအပ်မှာပါ။ 

မကြာမီကာလအတွင်း အာဆီယံက ပထမအဆင့်ကို အာရုံစိုက်လုပ်ဆောင်မယ့်အနေနဲ့ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးတွေ၊ ဆေးဝါးတွေ၊ ဆေးဘက်ဆိုင်ရာအသုံးအဆောင်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ရှေးဦးသူနာပြုသင်္ဘောက သြဂုတ် ၃၁ ရက်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

ထိရောက်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေမှာ ကြီးကြပ်ဖို့နဲ့ ကူညီနိုင်ဖို့ ရန်ကုန်မှာ အာဆီယံညှိနှိုင်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းပြီးတော့ ရုံးဌာနစိုက်ပြီး ဒေသခံပြည်သူတွေကို ဆေးဝါးအထောက်အပံ့တွေ လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ  စစ်ကောင်စီဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း  နေပြည်တော်ကနေ အွန်လိုင်းက တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသို့ လှူဒါန်းမှုတွေနဲ့ ကတိကဝတ်တွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့ ကူးစက်မှု တိုးမြင့်နေမှုတို့ကို ထိန်းချုပ်ဖို့ ဆေးဝါး၊ ဆေးပစ္စည်း၊ အထောက်အပံ့တွေနဲ့ ဆက်စပ်ပစ္စည်းတွေ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဇူလိုင်လအတွင်း မိုးကြီးမှုတွေကြောင့် မြန်မာနိုင်ငံ အနိမ့်ပိုင်းဒေသတချို့မှာ  ရေကြီးမှု ဖြစ်ခဲ့ပြီး နေရာဒေသတချို့မှ ပြည်သူတွေ ထိခိုက် နစ်နာမှုဖြစ်ခဲ့ရကြောင်းနဲ့ သူတို့အတွက် အရေးပေါ် နားခိုရာတဲ၊ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ လုံလောက်တဲ့ ဆေးဝါး အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း ပြောသွားပါတယ်။

Photo-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013