DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လွှတ်
DVB
·
December 11, 2013
နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လွှတ်
Donate to DVB

မြန်မာနိုင်ငံ တ၀န်း အကျဉ်းထောင်တွေကနေ  လက်ကျန်  နိုင်ငံရေး အကျဉ်းသား ၄၀ ကျော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော် မတီက တင်ပြခဲ့တဲ့ အကျဉ်းသား ၄၁ ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) သမ္မတ ရဲ့ လုပ်ပိုင်ခွင့်နဲ့အညီ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

taung nuge prisonလွတ်မြောက်လာသူအများစုဟာ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေ (ပုဒ်မ ၁၈) ကို ချိုးဖောက်မှုနဲ့ တရားစွဲဆို ထောင်ချခံရသူ အများစုပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင်  ဦးသက်ဦးက ပြောပါတယ်။

“အဓိကကတော့ ပုဒ်မ ၁၈ နဲ့ ကျနေတဲ့သူတွေပေါ့ဗျာ၊ Generation Wave က မိုးသွေးတို့၊ ဒီငြိမ်းလင်းတို့၊ သထုံထောင်က လေဘာ ကိုမြင့်စိုးတို့ လွတ်တဲ့အထဲမှာ ပါလာပါတယ်။”

ပုဒ်မ ၁၈ နဲ့ ပြီးခဲ့တဲ့  နိုဝင်ဘာလ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တလ ချမှတ် ခံရပြီး ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်းက ဘာမှ ထွေထွေထူးထူးမခံစားရဘူးလို့ ပြောပါတယ်။

“လွတ်မြောက်လာမှုအတွက် ကျနော်တော့ သိပ်ပြီး ၀မ်းသာမှုမရှိပါဘူး။ ကျနော်တို့ နောက်တပတ်ဆိုရင် လွတ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ။ ဒီနေ့ဆိုရင် ဆီးဂိမ်းဖွင့်ပွဲလည်း ဖြစ်တယ်။ နိုင်ငံတကာက ခေါင်းဆောင်တွေ လာမယ်ဆိုတော့ အပြကောင်းတာပေါ့ဗျာ။ ကျနော်က အဲဒီလိုပဲ မြင်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ထူးထူးခြားခြား ဘာမှ မဖြစ်ဘူး။ အကျဉ်းထောင်ထဲမှာရှိတဲ့ ၅၀၅ (ခ)နဲ့ အစွဲခံထားရတဲ့ ကျနော်တို့ရဲဘော်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလူတွေ၊ ပုဒ်မ ၁၈ နဲ့ အစွဲခံထားရတဲ့သူတွေ အများကြီး ကျန်သေးတယ်။”

အလားတူ ပုဒ် ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းချိုကလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အပေါ် ခုလို ပြောပါတယ်။

“ကျနော်ကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် သမ္မတကြီးကို ကျေးဇူးမတင်ပါဘူး။ အလားတူပဲ ကျနော့်ကို ဖမ်းပြီးထောင်ထဲထည့်လိုက်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲဌာနကိုလည်း ကျနော် မမုန်းပါဘူး။ ရဲတပ်ဖွဲ့ကလည်း သူ့အလုပ်သူလုပ်သလို ထွေအုပ်ဦးစီးက သူ့အလုပ်သူ လုပ်သလို၊ သမ္မတကြီးကလည်း သူ့အလုပ်သူလုပ်တယ်လို့ပဲ သဘောထားတဲ့အတွက် ကျေးဇူးမတင်ပါရစေနဲ့။ ကျနော်ထောင်က လွတ်လာပြီးရင်လည်း ကျနော်လည်း ကျနော့် အလုပ်ကျနော် ဆက်လုပ်မှာ ဖြစ်တဲ့အတွက် ကျနော်အလုပ် ကျနော် ဆက်လုပ်တာတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သဘောထားကြီးကြီးနဲ့ အမုန်းမပွားပဲ ကျနော်တို့ ဘာလုပ်သလဲ ဆိုတာကို ၀ိုင်းဝန်းပြီး ကူညီပံ့ပိုးကြရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည် လိမ့်မယ်လို့ ကျနော်ယူဆပါကြောင်း သမ္မတကြီးကို ပြောပြပေးလိုက်ပါဗျာ။”

နိုင်ငံရေးအကျဉ်းသားတွေဟာ အင်း​စိန်​၊ ​သ​ထုံ​၊ ​ပဲ​ခူး​၊ ​ပု​သိမ်​၊ ​သာ​ယာဝ​တီ​၊ ​ကော့​သောင်း​၊ ​မြစ်​ကြီး​နား​၊ ​တောင်​ငူ​​နဲ့ ​ဘူး​သီး​တောင်​ ​စ​တဲ့ ​အ​ကျ​ဉ်း​ထောင်​အ​သီး​သီး ပြန်​လွတ်​လာကြ​တာ ​ဖြစ်​ပါ​တယ်။

နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီအနေနဲ့ ၂၀၁၃ ဒီဇင်ဘာ မကုန်ခင် လက်ကျန်နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးနိုင်အောင် လုပ်ဆောင်နေပြီး  ​​ဒီ​နှစ်​ကုန်​မှာ ​နိုင်​ငံ​ရေး​အ​ကျ​ဉ်း​သား ​စိ​စစ်​ရေး​ကော်​မ​တီ​ကို ​ဖျက်​သိမ်း​ဖို့ ရှိတယ်လို့ ​သိ​ရ​ပါ​တယ်။ 

မြန်​မာ​နိုင်​ငံ ​အ​ကျ​ဉ်း​ထောင် ​အ​သီး​သီး​မှာ ​နိုင်​ငံ​ရေး​အ​ကျ​ဉ်း​သား ၄၄ ဦး ကျန်​သေး​တယ်​လို့ ​သိ​ရ​ပါ​တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013