DVB Logo
Home
Lead Story
NUGနှင့် အာဏာလုစစ်ကောင်စီတို့၏ ကုလသံတမန်အခင်းအကျင်း တိုက်ပွဲ
DVB
·
August 18, 2021
NUGနှင့် အာဏာလုစစ်ကောင်စီတို့၏ ကုလသံတမန်အခင်းအကျင်း တိုက်ပွဲ
Donate to DVB

ကမ္ဘာ့ကုလသမဂ္ဂ၏ ၇၆ နှစ်မြောက် အထွေထွေညီလာခံကြီးကို ၁၄ စက်တင်ဘာ ၂၀၂၁ ရက်နေ့တွင် ကျင်းပလေတော့မည်။ အဖွဲဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး၊ မိန့်ခွန်းပြောကြား၊ ဆုံးဖြတ်ချက်ချ၊ ထောက်ခံချက်ဝန်တာလုပ်ဆောင်မှု စသည့် သံတမန်ရေးရာများ ရှိပေမည်။

နောင်နှစ် ညီလာခံကျင်းပသည်အထိ တစ်နှစ်တာ ကုလလုပ်ငန်းရပ်များ လုပ်ဆောင်နိုင်ရန် အဖွဲ့ဝင်နိုင်ငံအသီးသီးမှလည်း မိမိတို့ သံကိုယ်စားလှယ် ခန့်အပ်ခြင်းများ ပြုလုပ်ကြမည်။ မြန်မာစစ်ကောင်စီဘက်ကလည်း နိုင်ငံတကာစာမျက်နှာတွင် ဆက်လက်လိမ်ညာနိုင်ရေးအတွက် အလိုကျ လက်ညှိုးထောင် ခေါင်းညိတ်လုပ်ပေးနိုင်မည့် သံကိုယ်စားလှယ်ကို စာရင်းတင်သွင်းမည်မှာ အသေချာ။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲ၏ အောင်နိမိတ်ဆောင်နိုင်ရေးအတွက် NUG ဘက်ကလည်း လက်ရှိ ကုလသံကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်ထားနိုင်ရေး စာရင်းတင်သွင်းပေမည်။ NUG နှင့် စစ်ကောင်စီမှ တင်သွင်းမည့်သူတို့အား ကုလ၏ Credential Committee ၉ ဦးမှ စိစစ်ခြင်း၊ မည်သူမည်ဝါကို ထောက်ခံမှုပြုခြင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ ဆက်လက်အတည်ပြုခြင်း၊ ငြင်းပယ်ခြင်းများကို လုပ်ဆောင်ကြပေမည်။

NUG နှင့် အာဏာလုစစ်ကောင်စီတို့၏ ကုလသံတမန် အခင်းအကျင်းတိုက်ပွဲတစ်ခု ဖြစ်သကဲ့သို့ မြန်မာ့ကံကြမ္မာအတွက် အလှည့်အပြောင်း ကာလတစ်ခုပေ။ 

Credential Committee ၉ ဦးမှ စိစစ်ခြင်း

နိုင်ငံ့ကိုယ်စားလှယ်ကို ကုလသမဂ္ဂမှာ စိစစ်အသိအမှတ်ပြုပုံ အဆင့်ဆင့်ကို "Rules of Procedure of the UN General Assembly" ပါ Rules 27-29 အထိ လေ့လာကြည့်ရာ—

၁။ အထွေထွေညီလာခံမတိုင်မီ တစ်ပတ်ခန့် နောက်ဆုံးထားပြီး နိုင်ငံအသီးသီးမှ နိုင်ငံ့ဦးသျှောင် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးမှ မိမိတို့နိုင်ငံအစိုးရ၏ ကိုယ်စားလှယ်စာရင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်သွင်းရသည်။ 

၂။ တက်ရောက်မည့် နိုင်ငံ့ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ တရားဝင်အသိအမှတ် Credential မှန်ကန်မှု ရှိ၊ မရှိကို ညီလာခံ စသည်နှင့်တပြိုင်နက် ကုလ ဥက္ကဋ္ဌက အဆိုတင်သွင်းကာ Credential စိစစ်ရေး ကော်မတီကို ဖွဲ့စည်းရသည်။ 

၃။ Credential Committee အဖွဲ့ဝင် ၉ ဦးပါရှိပြီး ကမ္ဘာ့ရပ်ဝန်းဇုန်များမှ မဲခွဲတမ်းနှင့် ကော်မတီဝင်စာရင်းကို တင်သွင်းကြသည်။ ၂၀၁၆-၂၀၂၀ ငါးနှစ်တာကာလ၏ နှစ်စဉ် Credential Committee ဝင်များစာရင်းကို United Nations Digital Library တွင် လေ့လာကြည့်ရာ China (၁ ဦး)၊ Russia (၁ ဦး)၊ USA (၁ ဦး)၊ Caribbean နိုင်ငံစုများမှ (၁ ဦး)၊ South America နိုင်ငံစုများမှ (၁ ဦး)၊ Europe နိုင်ငံစုများမှ (၁ ဦး)၊ အရှေ့/အနောက် Africa နိုင်ငံစုများမှ (၁ ဦး)၊ Central/South Africa နိုင်ငံစုများမှ (၁ ဦး)၊ Oceania & Asia နိုင်ငံစုများမှ (၁ ဦး) စုစုပေါင်း ၉ ဦး ပါရှိသည်ကို တွေ့ရသည်။ 

၄။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံ အစိုးရအပြောင်းအလဲမှ တင်ပြလာသည့် ကိုယ်စားလှယ်ဆိုလျှင် Credential ပိုင်းမည်သို့မျှ အဟန့်အတား မရှိပေ။ ပုံမှန် ရွှေးချယ်တင်မြှောက်သည့်စနစ် မဟုတ်ဘဲ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ပါက ထိုနိုင်ငံမှ တင်ပြလာသည့်  ကိုယ်စားလှယ်အား Credential Committee မှ အထူးအလေးထား စိစစ်သည်။ မြန်မာပြည်၏ အနေအထားအရဆိုလျှင် NUG ဘက်မှ တင်သွင်းမည့် လက်ရှိကုလဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် အာဏာလုစစ်ကောင်စီ၏ အိမ်စောင့်အစိုးရဘက်မှ တင်သွင်းမည့် ကိုယ်စားလှယ်တို့အကြား Credential  Committee ၏ ထောက်ခံမှုရနိုင်ရေး လွန်ဆွဲကြပေတော့မည်။ 

အားပြိုင်ပွဲ

NUG ကိုယ်စားလှယ်ကို ထောက်ခံလေမလား၊ သို့မဟုတ် အာဏာလုစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ထောက်ခံလေမလား ဆိုတာအတွက် Credential Committee ကို‌ လေ့လာကြည့်ရာ–

အာဖရိကနိုင်ငံအတော်များများမှာတရုတ်ဩဇာလက်အောက်သို့ ကျရောက်လျက်ရှိရာ ကော်မတီဝင် ၉ ဦးအနက် တရုတ်၊ ရုရှားနှင့် အာဖရိကနိုင်ငံစုများမှ (၂ ဦး) ပေါင်းလိုက်လျှင် စုစုပေါင်း ၄ မဲ အာဏာလုစစ်ကောင်စီ ရနိုင်သည်။

NUG အနေနဲ့ USA၊ South America ၊ Caribbean၊ Europe နိုင်ငံစုများမှ စုစုပေါင်း ၄ မဲ ရနိုင်သည်။ သို့သော် Europe ကိုယ်စားလှယ်အဖြစ် Belarus အရွေးခံရပါက NUG ၁ မဲ လျော့သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ဇွန် ၂၀၂၁ မြန်မာနိုင်ငံဆိုင်ရာ ကုလအစီရင်ခံစာကို ကန့်ကွက်ခဲ့ဖူးသောကြောင့်ပင်။

တဘက်ကို ၄ မဲစီ ရနေခဲ့သည် ဆိုပါစို့။ အဆုံးအဖြတ်မဲသည် Oceania & Asia နိုင်ငံစုများမှ (၁ ဦး) ပေါ် မူတည်နေပေမည်။  ပြီးခဲ့သည့် ၇၅ နှစ်မြောက် ကုလညီလာခံ Credential Committee ကော်မတီတွင် Oceania ဘက်မှ အရွေးခံခဲ့ပြီး ဖြစ်သဖြင့် ယခုလာမည့် ၂၀၂၁ တွင်မူ Asia ကိုယ်စားလှယ် ဖြစ်နိုင်ခြေများသည်။ Asia တွင်လည်း ASEAN  အပါအဝင် နိုင်ငံအချို့သည် တရုတ်ဩဇာခံများ ဖြစ်ကြသဖြင် NUG အတွက် မဲရနိုင်ရေး ၅၀-၅၀ % ဟု ဆိုနိုင်သည့်အတွက်  သူနိုင်ကိုယ်နိုင် အားပြိုင်ရမည့်သဘော။

ကုလညီလာခံကြီးမှ Majority  Vote ဖြင့် ဆုံးဖြတ်

Credential Committee မှ ထောက်ခံလိုက်သည့် ထိုကိုယ်စာလှယ်အား နောက်တဆင့်အနေဖြင့် ကုလညီလာခံကြီးမှ Majority  Vote ဖြင့် ဆုံးဖြတ်ပေးရသည်။ ယေဘုယျအားဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ လက်ဝယ်ရှိခြင်း၊ စီမံခန့်ခွဲသည့် မြို့အင်္ဂါရပ်ရှိခြင်း၊ တပ်မတော်ရှိခြင်း စသည့် ရှုထောင့်များကို အခြေခံ၍ ၎င်းအစိုးရတင်သွင်းလာသည့် ကိုယ်စားလှယ်အား အတည်ပြုသင့်၊ မပြုသင့်ကို လက်ရှိညီလာခံ ကိုယ်စားလှယ်များက ချိန်ဆကြသည်။

သို့သော် Credential Committee မှ ထောက်ခံပေးလိုက်သည့် ကိုယ်စားလှယ်ပင် ဖြစ်လင့်ကစား ဒီမိုကရက်တစ်စံနှုန်းမညီ ရက်စက်ကြမ်းကြုတ်သောအစိုးရမှ တင်သွင်းခဲ့သည့် ကိုယ်စားလှယ် ဖြစ်သည့်အတွက် ကုလညီလာခံကြီးမှ ငြင်းပယ်ခဲ့သည့် သာဓကလည်း ရှိသည်။ 

ဆိုတော့ကာ အာဏာလုခြင်းရှုထောင့်၊ ရက်စက်ကြမ်းကြုတ်မှုရှုထောင့်၊ ဒီမိုကရေစီစံနှုန်းပြည့် ရွေးချယ်ခံရမှု မဟုတ်သည့် အစိုးရဖြစ်ခြင်းရှုထောင့် စသည်တို.အပေါ်ထောက်ရှု၍ ကုလညီလာခံ၌ ကန့်ကွက်မဲအများစုဖြင့် စစ်ကောင်စီကိုယ်စားလှယ်  ငြင်းပယ်ခံရနိုင်သည်။ တဘက်မှာလည်းပဲ နိုင်ငံတကာ အေးချမ်းလုံခြုံရေးကို ရှေးရှုမည်ဆိုလျင် နိုင်ငံတဝန်းမှ ဒီမိုကရေစီ စံနှုန်းပြည့်အဖြစ် ပြည်သူများ ရွေးချယ်တင်မြှောက်လိုက်သည့် NUG အစိုးရ၏ ကိုယ်စားလှယ်သည်သာလျှင် Credential Committee မှ အမှန်တကယ် ရွေးချယ်သင့်သော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုသို့ အရွေးခံခဲ့ရပါက ကုလညီလာခံ၌ Majority Vote ရရန်လည်း အခွင့်သာနိုင်ခြေရှိမည်။

သို့သော် တရုတ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားပြီးဖြစ်သည့် အာဏာလုစစ်ကောင်စီ အနေဖြင့် Credential Committee နှင့် ကုလအထွေထွေညီလာခံတွင် အသာစီးရနိုင်မည်ဟု မျှော်လင့်တွက်ဆထားဟန် ရှိသော်လည်း NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ပင် စီစဉ်ခဲ့ကြောင်း သတင်းများအရ စစ်ကောင်စီ၏ တုန်လှုပ်ချောက်ချားနေမှုကို မှန်းဆနိုင်သည်။ စစ်ကောင်စီ၏ နိုင်ငံတကာစာမျက်နှာမှ ကျရှုံးခန်း မဝေးတော့ပြီ။ 

NUG သံကိုယ်စားလှယ်ကို ကုလမှာ အသိအမှတ်ပြုမှုရရှိရေး အားကြိုးမာန်တက် လုပ်ဆောင်နေမှုများ၊ Petition ကမ်ပိန်း လက်မှတ်ရေးထိုးမှုများ၊ နိုင်ငံတကာ သံတမန် အခင်းအကျင်း အားကောင်းအောင် လုပ်ဆောင်မှုများသည် နှစ်ထောင်းအားရ ဖြစ်စရာပါ။ 

သို့သော် Credential Committee တွင် တရုတ်အစိုးရကိုယ်စားလှယ် ပါဝင်နေမှုနှင့် ၎င်း၏ ဩဇာသက်ရောက်မှု အတိုင်းအတာသည် သတိမူရမည့် အချက်တစ်ချက် ဖြစ်လေသည်။  

NUG ၏ သံကိုယ်စားလှယ်ကို ကုလသမဂ္ဂညီလာခံကြီးမှ ထောက်ခံအတည်ပြုနိုင်ရေး အတွက်ဆိုလျှင်—

က။ NUG အစိုးရအနေဖြင့် မိမိတို့ တင်သွင်းသော ကိုယ်စားလှယ်အား Credential Committee မှ အသိအမှတ်ပြုနိုင်ရေး Strategies များ ချမှတ်လုပ်ဆောင်ခြင်း၊ ပြည်ပရောက် နိုင်ငံအသီးသီးမှ NUG ထောက်ခံသူများအနေဖြင့်လည်း Credential Committee အုပ်စုဝင်နိုင်ငံများအား ချဉ်းကပ်ခြင်းဖြင့် မိမိတို့ အသာစီးရရေး စွမ်စွမ်းတမံ ဆောင်ရွက်ရမည်။

ခ။ မလွှဲမရှောင်သာ Credential Committee မှ စစ်ကောင်စီကိုယ်စားလှယ်ကို ထောက်ခံခဲ့ပါမူ ပြည်တွင်းငြိမ်းချမ်းရေး၊ Indo-Pacific ဒေသတွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆိုးကြီး၏ ရက်စက်ယုတ်မာမှု၊ ကုလ၏ ငြိမ်းချမ်းရေးပဋိညာဉ်ကို ထောက်ပြကြရင်း  ကုလအထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ်အား ကန့်ကွက်နိုင်ရန် အစရှိသည်တို့ကို စနစ်တကျ ပြင်ဆင်ထားရှိသင့်ပါကြောင်း။ 

NUG ၏ ကုလသံတမန် အခင်းအကျင်းတိုက်ပွဲ အောင်ရမည်။ အာဏာလုစစ်ကောင်စီတို့ ကျရှုံးခန်း မဝေးတော့ပြီ။  

ဒေါက်တာသိန်းမိုးဝင်း 

Sydney Australia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013