
ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ အသိဉာဏ်တု (AI) မိုဒယ်တွေကို လေ့ကျင့်ရာမှာ သုံးစွဲဖို့ အမေရိကန်အခြေစိုက် ဝန်ထမ်းတွေရဲ့ ကွန်ပျူတာက မောက်စ်လှုပ်ရှားမှု၊ ကလစ်နှိပ်တာနဲ့ ကီးဘုတ် ရိုက်နှိပ်ချက်တွေကို မှတ်တမ်းယူမဲ့ ဆော့ဖ်ဝဲသစ်ကို တပ်ဆင်နေပါတယ်။
ဒီဆော့ဖ်ဝဲကို အလုပ်နဲ့သက်ဆိုင်တဲ့ အက်ပ်တွေနဲ့ ဝက်ဘ်ဆိုက်တွေမှာ လုပ်ဆောင်သွားမှာပါ။
ဒါ့အပြင် ဝန်ထမ်းတွေရဲ့ ကွန်ပျူတာစခရင်တွေကိုလည်း တခါတရံ ဓာတ်ပုံရိုက်ကူးမယ်လို့ ဧပြီ ၂၁ ရက်က ထွက်ပေါ်လာတဲ့ ကုမ္ပဏီမှတ်တမ်းအရ သိရပါတယ်။
ကွန်ပျူတာ သုံးစွဲတဲ့အခါ လူတွေလုပ်ဆောင်ပုံကို AI တွေ အတုခိုးနိုင်ဖို့ အခုလို လုပ်ဆောင်တာပါ။
“ကျနော်တို့ တည်ဆောက်နေတဲ့ မျှော်မှန်းချက်က AI အေးဂျင့်တွေက အဓိကအလုပ်တွေကို လုပ်ပြီး ကျနော်တို့က လမ်းညွှန်၊ သုံးသပ်၊ တိုးတက်အောင် ကူညီပေးမဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ပါ” လို့ Meta ရဲ့ နည်းပညာအရာရှိချုပ် အင်ဒရူး ဘော့စ်ဝေါ့သ်က ဧပြီ ၂၀ ရက်မှာ ဝန်ထမ်းတွေကို ပြောပါတယ်။
ဒီအချက်အလက်တွေကို AI လေ့ကျင့်ဖို့ကလွဲရင် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် အကဲဖြတ်ဖို့အတွက် သုံးမှာမဟုတ်ဘူးလို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဖြေရှင်းပါတယ်။
လူတွေလုပ်တဲ့အလုပ်ကို AI နဲ့ အစားထိုးဖို့ ကြိုးပမ်းနေတဲ့ Meta ဟာ မေ ၂၀ ရက်ကစပြီး ကမ္ဘာတဝန်းက ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကို အလုပ်ဖြုတ်ဖို့ စီစဉ်နေပါတယ်။
ဝန်ထမ်းတွေရဲ့ ကီးဘုတ်ရိုက်နှိပ်မှုတွေကို မှတ်တမ်းယူတဲ့ လုပ်ရပ်ဟာ ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ စိုးရိမ်စရာတွေကို မြင့်တက်စေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
အခုလို စောင့်ကြည့်တာမျိုးကို ဥရောပရဲ့ ဥပဒေတွေအရ တားမြစ်နိုင်ခြေရှိတယ်လို့ ဥပဒေပါမောက္ခ ဗလာရီယို ဒီ စတီဖာနိုက ထောက်ပြပါတယ်။
Source: Reuters










