ဟော်မုဇ်ရေလက်ကြား ပိတ်ထားတယ်ဆိုပေမဲ့ ရုရှားဘီလီယံနာ သူဌေးကြီး အလက်ဇီ မော်ဒါရှော့ဗ်ရဲ့ ဇိမ်ခံရွက်သင်္ဘောကြီးတစင်းဟာ ဘေးမသီရန်မခ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကန်ဒေါ်လာ သန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ Nord လို့ အမည်ရတဲ့ အဲဒီသင်္ဘောဟာ ဧပြီ ၂၄ ရက်က ဒူဘိုင်းဆိပ်ကမ်းကနေ ထွက်ခွာလာတာပါ။
ဧပြီ ၂၅ ရက် မနက်ပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီး ဧပြီ ၂၆ ရက် အစောပိုင်းမှာ အိုမန်နိုင်ငံ မက်စကက်မြို့ကို ရောက်ရှိခဲ့ပါတယ်။
အီရန်နိုင်ငံက ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး ဒီရေလက်ကြား ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတဲ့အတွက် ဒီသင်္ဘော ဘယ်လိုခွင့်ပြုချက်ရခဲ့တယ် ဆိုတာတော့ မသိရသေးပါဘူး။
အရင်က တရက်ကို သင်္ဘောအစင်းရေ ၁၄၀ နီးပါး ဖြတ်သန်းလေ့ရှိပေမဲ့ အခုအချိန်မှာ အမေရိကန်နဲ့ အီရန်အကြား ပဋိပက္ခကြောင့် ကုန်တင်သင်္ဘော အနည်းစုပဲ ဖြတ်သန်းခွင့်ရထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အရက်ချီက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ ဧပြီ ၂၇ ရက်မှာ ရုရှားနိုင်ငံကို ရောက်ရှိနေပါတယ်။
မော်ဒါရှော့ဗ်ကို သင်္ဘောပိုင်ရှင်အဖြစ် တရားဝင် စာရင်းမသွင်းထားပေမဲ့ သူ့ဇနီးပိုင်တဲ့ ကုမ္ပဏီအမည်နဲ့ မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးသူဖြစ်တဲ့ မော်ဒါရှော့ဗ်ဟာ ယူကရိန်းကို ကျူးကျော်မှုကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု ခံထားရသူ ဖြစ်ပါတယ်။
Nord ဇိမ်ခံသင်္ဘောပေါ်မှာ ရဟတ်ယာဉ်ကွင်း၊ ရေကူးကန်နဲ့ ရေငုပ်သင်္ဘောတွေ ပါဝင်ပါတယ်။










