DVB Logo
Home
Lead Story
တရုတ်ပါဝါကိုစမ်းသပ်မယ့် အာဖဂန်နစ္စတန်
DVB
·
August 17, 2021
တရုတ်ပါဝါကိုစမ်းသပ်မယ့် အာဖဂန်နစ္စတန်
Donate to DVB

အာဖဂန်နစ္စတန်မြေပေါ်ကနေ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ပြန်ရုပ်သွားတယ်ဆိုရင်ပဲ တာလီဘန်တွေ တကျော့ပြန် အာဏာ ပြန်ရလာပါတယ်။ ဒီအချိန်မှာ အရေးကြီးတဲ့ မေးခွန်းက ရှုပ်ထွေးသလောက် ပြင်းထန်တဲ့ အာဖဂန်နစ္စတန်နိုင်ငံရေး လေဟာနယ်ကို ဘယ်သူက နေရာဝင်ယူမလဲ။

ပထဝီနိုင်ငံရေးရည်မှန်းချက်နဲ့ အာဖဂန်မြေပေါ်မှာ ဝင်ကစားတဲ့ ပါဝါကြီးတွေ အကုန် လက်မြှောက်ခဲ့ရတာချည်းပါပဲ။ အမေရိကန်ဟာ နောက်ဆုံး ဒုက္ခရောက်သွားရတဲ့ စူပါ ပါဝါ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ သိမ်းပိုက်မှုနဲ့ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုတွေ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရတယ်။ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေ ဘာမှ မအောင်မြင်ခဲ့ပါဘူး။ အခုတော့ ဒီဟာကွက်ကို ဝင်ဖြည့်ဖို့ တရုတ်က ဝင်လာပါပြီ။

အာဖဂန်နစ္စတန်နဲ့ ပတ်သက်လာရင် တရုတ်မှာ ရည်မှန်းချက် သုံးခု ရှိပါတယ်။ ပဋိပက္ခတွေ ကြီးထွားပြီး ပြည်တွင်းစစ် အသွင်ဆောင်မသွားဖို့၊ ပြဿနာကို အာဖဂန်တွေ အချင်းချင်း ညှိနှိုင်းမှုတွေ တိုးမြှင့်ရေးနဲ့ အကြမ်းဖက် အင်အားစုတွေကို တားဆီးရေးတို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေအတွက် တရုတ်ဟာ ရုရှားနဲ့ လက်တွဲပြီး ဆောင်ရွက်သွားဖို့ ကြိုးပမ်းနေပုံ ရပါတယ်။

အာဖဂန်နစ္စတန်ဟာ အရှေ့အလယ်ပိုင်း၊ အာရှဗဟိုနဲ့ တောင်ပိုင်း၊ ဥရောပတို့နဲ့ ထိစပ်နေပါတယ်။ တရုတ်ရဲ့ ပိုးလမ်းမသစ် စီမံကိန်းအတွက် အရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ အာဖဂန်နစ္စတန်မှာ ဘက်အားလုံးနဲ့ ဆက်ဆံရေးတည်ဆောက်ထားပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ ပိုးလမ်းစီမံကိန်း အနှောင့်အယှက်ကင်းဖို့ တရုတ်ဟာ တာလီဘန်တွေကို စီးပွားရေးမက်လုံးပေးမယ့် သဘောရှိပါတယ်။

နောက်ထပ် အရေးကြီးတာက ရှင်ဂျန်း ပြည်နယ်ထဲက ဝီဂါ မွတ်စလင်တွေနဲ့ တာလီဘန်တွေ ပေါင်းမိသွားမှာကို တရုတ်က စိုးရိမ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ တာလီဘန်တွေနဲ့လည်း ပေါင်းထားရတယ်။ အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ အိုင်အက် အကြမ်းဖက် အဖွဲ့တွေ ခြေကုပ်ရနေတာကိုလည်း တရုတ်က စိုးရိမ်ပါတယ်။ အလယ်အာရှဒေသမှာ အိုင်အက်စ်တွေ တစခန်းထလို့ တည်ငြိမ်မှုပျက်ပြားမှာကို စိုးရိမ်နေတဲ့ တရုတ်နဲ့ ရုရှားဟာ ဒီနေရာမှာတော့ ကျောချင်းကပ်ထားကြတယ်။

စီးပွားရေးဘက်ကို ကြည့်ရင်လည်း အာဖဂန်နစ္စတန်မှာ တရုတ်အတွက် မက်လုံးတွေကလည်း အများကြီး ရှိနေပါတယ်။ ကြေးနီ၊ သံရိုင်း၊ ဓာတ်ငွေ့၊ ရွှေ၊ ငွေ၊ ရှားပါးမြေသား (rare earths)  စသဖြင့် မြေအောက် သယံဇာတတွေ တူးဖော်စရာ မနည်းမနောရှိနေပါတယ်။ ဒါကြောင့် တရုတ်က အာဖဂန်နစ္စတန်ကို ခြေလှမ်းကျဲနေတာ ဘာမှ မဆန်းပါဘူး။ နောက်တစ်ဘက်ကကြည့်ရင် အာဖဂန်နစ္စတန်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ များများလုပ်လေလေ၊ အနာဂတ်မှာ ဒါတွေကို ကာကွယ်ဖို့ တရုတ်အတွက် ပိုပြီး တာဝန်ကြီးလာလေပါပဲ။  

အာဖဂန်နစ္စတန်ကို ထိန်းချုပ်ဖို့အတွက် တရုတ်က ရွေးချယ်လိုက်တဲ့နည်းလမ်းက တာလီဘန်ကို ချော့ပေါင်းတဲ့ နည်းဖြစ်ပုံရပါတယ်။ တနည်းအားဖြင့် အာဖဂန်နစ္စတန် မြေပေါ်မှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ ကျဆုံးသွားတဲ့ ဗျူဟာအမှားကို တရုတ်က သင်ခန်းစာယူပုံရပါတယ်။ တာလီဘန်နဲ့ပေါင်းပြီး  ပိုးလမ်းသစ် စီမံကိန်း၊ တရုတ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စီးပွားရေး စင်္ကြံ စီမံကိန်းတို့ကို အကောင်အထည်ဖော်ဖို့ တရုတ်က ရည်ရွယ်ထားပါတယ်။

အမေရိကန် ထွက်သွားတဲ့ အာဖဂန်နစ္စတန်မှာ တရုတ်ဟာ သူ့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ ပထဝီနိုင်ငံရေး ရည်မှန်းချက်တို့အတွက် အဓိက ဇာတ်ကောင် နေရာရောက်လာတယ်။ အမေရိကန်တပ်တွေ ထွက်သွားလို့ ဟာထွက်သွားတဲ့ အာဏာလေဟာနယ်ကို ထိန်းဖို့ မဖြစ်မနေ တာဝန်ရှိလာပါတယ်။ ဒါကို ကြည့်ပြီး တက်သစ်စ ဂရိတ်ပါဝါကို အမေရိကန်က ပညာစမ်းလိုက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် အာဖဂန်နစ္စတန်ဟာ တရုတ်အတွက်အရေးကြီးတဲ့ ပထဝီနိုင်ငံရေး စမ်းသပ်မှု  ဖြစ်လာပါတယ်။ သူ့ရှေ့က တခြားပါဝါတွေ မအောင်မြင်ခဲ့တဲ့ စမ်းသပ်မှုကို တရုတ်က အောင်မြင်မလားဆိုတာကတော့ အခုအချိန်မှာ ပြောဖို့ စောပါသေးတယ်။

နေသွင်ညိဏ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013