
တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ် နန်းတော်ပေါက်ကို ဩဂုတ် ၁၆ ရက်နေ့ တစ်ရက် ပြန်လည်ဖွင့်ပေးမယ်လို့ ရွှေလီရှိ ရွှေမြန်မာအွန်လိုင်းအရေးပေါ် ကျန်းမာရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။
“မနက်ဖြန်ကိုတော့ တသုတ်ထပ်ပို့ဦးမယ် ပြန်မယ့်လူတွေကို တရားဝင်ဂိတ်ပေါက်ကနေ မြန်မာနိုင်ငံကို။ မနက်ဖြန် တစ်သုတ် ပို့ ပြီးရင် ပြန်ပိတ်မှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေလီ က ကိုဗစ် အဝါရောင် သတ်မှတ်ထားတာ” လို့ ကိုချမ်းမြေ့က ရှင်းပြပါတယ်။
လက်ရှိ တရုတ်ဘက်ခြမ်း တရုတ်နိုင်ငံသားတွေရော ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေပါ တစ်ရက်ခြား တစ်ခါ ပိုးရှိ၊ မရှိ Swab ယူပြီး ပိုးစစ် ပေးနေကာ ပြန်ပို့ပေးတဲ့ မြန်မာနိုင်ငံသားတွေက လောလောလတ်လတ် ပိုးစစ်ပြီး ပိုးမရှိသူတွေမှသာ ပြန်ပို့ပေးတယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါ အခြေအနေကြောင့် ကျန်ရှိနေတဲ့ တရုတ်-မြန်မာ နယ်စပ် ဂိတ်ပေါက်တွေကို ဇူလိုင်လဆန်းပိုင်က ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပေမယ့် မြန်မာနိုင်ငံ ပြန်လာမယ့်သူတွေကို ဇူလိုင် ၂၆ ရက် မနက် ၈ နာရီကစ နန်းတော် နှစ်နိုင်ငံ တရားဝင် အဝင်/ အထွက် ဂိတ်မှ ပြန်ထွက်ခွင့်ပြုခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်နေ့မှ ဩဂုတ် ၁၀ ရက်နေ့အထိ ၁၆ ရက်အတွင်း နန်းတော်ဂိတ်ပေါက်မှ ပြန်လည်ဝင်ရောက်လာသူ မြန်မာ ပြည်တော်ပြန် ၄၆၅၄ ဦး ရှိပြီး နယ်စပ် ခိုးပေါက်တွေကနေ ပြန်လာသူတွေလည်း ရှိနေပါတယ်။
Photo Crd# fb