DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မြန်မာစစ်လေယာဉ် ကြဲချသည့်ဗုံး ထိုင်းဘက်ကျသဖြင့် ဒေသခံများကို ဘေးလွတ်ရာ အရေးပေါ် ရွှေ့ပြောင်း
April 21, 2026
Photo: The Nation Thailand 
Photo: The Nation Thailand 
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ  ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ဗုံး ၁ လုံး ကျရောက်ပေါက် ကွဲခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။  

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်)ခရိုင်၊ ဘူးသိုမြို့နယ် သံလွင်မြစ်ကမ်းနံဘေးက အူးမူးထာကျေးရွာရှိ  KNU ဆေးရုံနဲ့ အနီးအနားက နေအိမ်တွေကို   ဧပြီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီလောက်က စစ်တပ်က  Yak-130 နဲ့ MiG-29 ဂျက်တိုက်လေယာဉ်တွေနဲ့  ဗုံး ၁၀ လုံးကြဲချ တိုက်ခိုက်ခဲ့တာပါ။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းကိုပါ ဗုံး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့  ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ချိတ်ဆက်မီဒီယာတာဝန်ခံ   စောအယ်ဒိုဝါးက ပြောပါတယ်။  

“မနေ့က ဖြစ်စဉ်က ၁၂ နာရီဝန်းကျင်လောက် ဂျက်ဖိုက်တာနဲ့ ဦးအူးမူးထာရွာ Public ဧရိယာထဲမှာ ဗုံး ၁၀ လုံး လာကြဲသွားတယ်။ အဲဒါကို ၉ လုံးက ဆေးရုံတို့၊ ဆေးခန်းအဆောက်အအုံတို့၊ ဆေးဆရာ ဆရာမတွေနေတဲ့ အဆောင်တွေ အကုန်လုံးပျက်စီးသွားတယ်။ နောက်ပြီး အဲဒီမှာရှိတဲ့ ဘုရားကျောင်း ၁ လုံးလုံး ပျက်စီးသွားတယ်။ ဒီထိုင်းဘက်မှာကျတဲ့ အလုံးကျတော့ ထိခိုက်ပျက်စီးမှုတော့ မရှိဘူး။ မနေ့က ဖြစ်စဉ်မှာတော့ ထိခိုက်သေဆုံးတာတော့ မရှိဘူး။ အဆေက်အဦတွေတော့ အကုန်လုံးပျက်စီးသွားတယ်။”

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းက ဗုံးတလုံးဟာ သံလွင်မြစ်အနီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်ထဲကို ကျရောက်ခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဒေသခံတွေကို ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်နယ်အုပ်ချုပ်ရေးဌာနက နယ်စပ်က ခရိုင် ၄ ခုဖြစ်တဲ့ မဲဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်ခရိုင်တွေမှာ လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဖို့ အရေးပေါ်အမိန့်တခု ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့်အရ နယ်စပ်ဒေသတွေမှာ ကင်းလှည့်စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ပြီး မြန်မာနိုင်ငံတွင်းက တိုက်ပွဲဒဏ် ခံစားနေရတဲ့ ဒေသခံတွေကို ၂၄ နာရီ အကူအညီပေးဖို့ ညွှန်ကြားထားပါတယ်။ 

ဒီအမိန့်ဟာ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေက ထိုင်းနယ်စပ်ဒေသတွေကိုပါ ကူးစက်လာတဲ့အတွက် ထုတ်ပြန်ခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီအမိန့်မှာ အဓိကအရေးပေါ်လုပ်ဆောင်ရမဲ့ အချက် ၃ ချက်ပါဝင်ပြီး နယ်စပ်ဖြတ်ကျော်မှုတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်စစ်ဆေးဖို့၊ တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးခဲ့ရင် ချက်ချင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ပေးဖို့ ညွှန်ကြားထားပါတယ်။ 

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ရင်လည်း အသက်အန္တရာယ်ကာကွယ်ရေးနဲ့ ပြည်သူ့ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်ဖို့နဲ့ လိုအပ်ပါက ခရိုင်ဆေးရုံတွေဆီ စနစ်တကျ လွှဲပြောင်းပေးဖို့လည်း ပါဝင်ပါတယ်။ 

ဒီအစီအမံတွေဟာ နယ်စပ်ဒေသမှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အမြင့်ဆုံးအဆင့်အထိ သေချာစေဖို့ ရည်ရွယ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိမှာ KNU ထိန်းချုပ်နယ်မြေအတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက လေကြောင်းအသုံးပြုတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့၊ ထိရောက်တဲ့ ကာကွယ်တားဆီးမှုတွေ လုပ်ဆောင်ဖို့နဲ့ စစ်ရာဇဝတ်မှုတွေကို မျက်ကွယ်မပြုဖို့ အာဆီယံနဲ့ နိုင်ငံတကာကို KNU က  ဧပြီ ၁၈ ရက်က တိုက်တွန်းလိုက်ပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေမှာ အခုလိုမျိုး အရပ်သား လေကြောင်းပစ်မှတ် လုပ်လာတယ်ဆိုတာက ကျနော်တို့ ပြောခဲ့သလို ကာချုပ်သစ် တက်လာရင် အရင်းထက်ပိုဆိုးမယ်ဆိုတဲ့ လျှိုဝှက်သတင်းက အပြင်ကိုထွက်လာပြီးတဲ့နောက်မှာ အခုဆိုရင် လက်တွေ့အကောင်အထည်ဖော်နေပြီ။ ဒီအတွက်ကြောင့် လက်ရှိ ဒီအရပ်သား ပစ်မှတ်တွေနဲ့ ပတ်သက်ပြီး သာသနိကအဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ဖြိုခွဲတိုက်ခိုက်မှု မရှိစေရဘူး ဆိုတဲ့ စစ်နဲ့ပတ်သက်တဲ့ စစ်စည်းမျဉ်းစည်းကမ်းတွေက ရှိထားပြီးသား။ အဲဒီလိုရှိထားပြီးသားပေါ်မှာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ၊ အခုလက်ရှိ တက်လာတဲ့ ကာချုပ်သစ်က လေးစားလိုက်နာမှု မရှိဘူးဆိုတဲ့အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားပေးမှုနဲ့ မလုံလောက်ဘူး။ ဒါ လက်တွေ့အရေးယူ ဆောင်ရွက်ဖို့အတွက် လိုအပ်လာပြီ” လို့ ပြောပါတယ်။

ဧပြီ ၁၄ ရက်ကလည်း ည ၁၀ နာရီကနေ ၁၂ နာရီထိ  ဖာပွန်မြို့နယ်၊ ဒေးဖိုးနိုကွင်း အပါအဝင် အနီးအနားက ကျေးရွာ ၁၀ ရွာလောက်ကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သလို Y 12 ၂ စင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သူမရှိခဲ့ပေမဲ့ မူတြော်ဂျူနီယာကောလိပ်နဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး ကျွဲ ၂ ကောင် ထိမှန်သေဆုံးခဲ့ပါတယ်။ 

ဧပြီ ၁၂ ရက်ကလည်း အူးမူးထာဆေးရုံနေရာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့်  ဆေးကုသမှုခံယူနေသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စောအယ်ဒိုဝါးက “ကော်သူးလေနယ်မြေရဲ့ ခရိုင် ၇ ခုလုံးမှာ ရှိနေတဲ့ ပြည်သူတွေကတော့ နေ့စဉ် ကျီးလန့်စာစား အထိတ်တလန့်ဖြစ်ပြီးတော့ ရွာထဲမှာလည်း မနေရဲ၊ တော‌တောင်ထဲမှာပဲ ရှောင်ရ ပုန်းရ အဲဒီလိုပဲ လုပ်နေရတယ်။ နေ့စဉ်နေ့စဉ် အဲလိုမျိုးပဲ ရင်ဆိုင်ကျော်ဖြတ်နေရတယ်။ နိစ္စဓူဝ လုပ်ကိုင်စားသောက်ဖို့ ဆိုတဲ့ ဝမ်းရေးအတွက်လည်း မလုံလောက်နိုင် မဖြစ်နိုင်တဲ့ အနေအထားမျိုးမှာ အစားအသောက်၊ ဆေးဝါး၊ နေရာထိုင်ခင်းတွေ  အဓိကလိုအပ်နေတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၀ ရက်က နေပြည်တော်ရှိ သမ္မတရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့ရဲ့အစိုးရသစ် ရက်ပေါင်း ၁၀၀ ပြည့်မဲ့ ဇူလိုင် ၃၁ ရက်အတွင်း PDF တွေ အလင်းဝင်ကြဖို့နဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်တွေ့မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ အပါအဝင် တနိုင်ငံလုံးအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013