DVB Logo
Home
မြန်မာသတင်း
ဒေါ်စုလွတ်မြောက်ရေး ဆုတောင်းခဲ့မှုဖြင့် နော်အုန်းလှကို အမှုဖွင့်
DVB
·
December 10, 2013
ဒေါ်စုလွတ်မြောက်ရေး ဆုတောင်းခဲ့မှုဖြင့် နော်အုန်းလှကို အမှုဖွင့်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်က   ပြန်လည်လွတ်မြောက်ရေး အတွက် ရွှေတိဂုံဘု၇ားမှာ အပတ်စဉ် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းခဲ့မှုနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ  နော်အုန်းလှကို  အမှုဖွင့် အရေးယူထားတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူ  နော်အုန်းလှဟာ လက်ပံတောင်းတောင်မှာ သံဃာတော်တွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပြီး တရုတ်နိုင်ငံတော်အလံကို မီးရှို့ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ နိုင်ငံတော် ဆူပူအုံကြွစေမှုနဲ့  ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။

Naw Ohn Hlaသူ့ကို ဒဂုံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်တဲ့အချိန်မှာ ၂၀၀၇ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီတော်မှာ ၀တ်ပြု ဆုတောင်းတုန်းက အများပြည်သူကို အနှောင့်အယှက်ဖြစ်စေတဲ့ ပုဒ်မ ၂၉၆ နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ရွှေတိဂုံဂေါပကအဖွဲ့ ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင့်က တရားလိုလုပ် ထပ်မံ အမှုဖွင့်ထားတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒီစွဲဆိုချက်နဲ့ပတ်သက်ပြီး ဒေါ်နော်အုန်းလှရဲ့ တုံ့ပြန်ချက်နဲ့ ဥပဒေကြောင်းအရ ၂၀၀၇ ခုနှစ်က တရားစွဲဆိုခဲ့ခြင်း မရှိတာဟာ ရဲတွေက တာဝန်ပျက်ကွက်နေတဲ့ သဘောဖြစ်တဲ့ အကြောင်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ဒေါ်နော်အုန်းလှက သူ့ကို အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုတာလည်း သူမသိရဘူး။ သူက ထွက်ပြေးနေတာလည်း မဟုတ်တဲ့အတွက် အခုလို တရားခံပြေးအဖြစ် တရားစွဲတာဟာ သူ့အတွက် နစ်နာရပါတယ်လို့ သူ တရားရုံးမှာ တင်ပြပါတယ်။ သူတို့က အဲဒီတုန်းကတော့ တရားခံပြေးအမှုနဲ့ ထားခဲ့တယ်လို့ တရားရုံးက ပြောတော့ ဒေါ်နော်အုံးလှက သူပြေးလည်း မပြေးပါဘူးတဲ့၊ လူသိရှင်ကြား ဂျာနယ်တွေထဲမှာလည်း ပါတာပဲ၊ သူလည်း သွားလာလှုပ်ရှား နေတာပဲတဲ့၊ အဲဒါကို အခုမှ စွဲတာကတော့ ဘာသဘောလည်း မသိပါဘူးတဲ့။ စွဲသင့်စွဲထိုက်တဲ့ အချိန်တုန်းက မစွဲဘူးဆိုတော့ အဲဒီတုန်းက ရဲတွေက တာဝန်ပျက်ကွက်နေတဲ့ သဘောမျိုးကို တွေ့ရတာပေါ့။ ”

ဒါ့အပြင် ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ဦးထင်ကျော်ဟာလည်း ပုဒ်မ ၁၈ နဲ့ တရားရုံးတွေက ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်တွေ  အားလုံးပေါင်းလိုက်ရင် ထောင်ဒဏ် ၂ နှစ်ကျော်သွားပြီဖြစ်သလို လက်ရှိ ကျောက်တံတားနဲ့ မြောက်ဥက္ကလာပ တရားရုံးတွေမှာ စွဲဆိုထားတဲ့အမှုတွေကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဇနီး ဒေါ်သန်းသန်းမော်က ပြောပါတယ်။

စွဲဆိုချက်တွေနဲ့ပတ်သက်လို့လည်း ဒေါ်သန်းသန်းမော်က “တရားရင်ဆိုင်ရတဲ့နေရာမှာ သူက တရားဥပဒေကို လေးစားလို့ ရင်ဆိုင်တာပါ။ ဒါပေမယ့် တရားမျှတမှု ရှိလားဆိုတော့လည်း မရှိပါဘူး။ အထက်အမိန့်အရ ခိုင်းပြီးတော့ အထက်ရဲ့ ညွှန်ကြားချက်နဲ့ အမိန့်တွေ ချနေတာပဲ။ ဒါကြောင့် ပုဒ်မ ၁၈ ကို ပယ်ဖျက်ရင်လည်း ပယ်ဖျက်၊ ဒါမှမဟုတ် ပြင်ဆင်ရင်လည်း ပြင်ဆင်ပေါ့။ လုံးဝ ပယ်ဖျက်သင့်တဲ့ ပုဒ်မလို့ မြင်ပါတယ်”လို့ ပြောပါတယ်။

ဦးထင်ကျော်ကို ပုဒ်မ ၁၈ နဲ့  မင်္ဂလာတောင်ညွန့် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သလို တာမွေနဲ့ သင်္ကန်းကျွန်းမြို့နယ်တွေက ဒီထောင်ဒဏ်ကို တပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

မိကျောင်းကန် မြေသိမ်းမှုနဲ့ ပတ်သက်ပြီး ပန်းဘဲတန်း တရားရုံးက စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုအတွက်တော့  ထောင်ဒဏ် ၃ လစီနဲ့ ၆ လ၊ ကျောက်တံတား တရားရုံးက စွဲဆိုထားတဲ့ အမှု ၄ မှုမှာ  ၃ မှုအတွက် ၃ လစီနဲ့ ၉ လ၊ တမှုအတွက် ၆လ ချမှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးထင်ကျော်ကို ဩဂုတ်လ ၂ ရက်နေ့က စတင်ဖမ်းဆီးခဲ့သလို မြောက်ဥက္ကာပ တရားရုံးမှာ ပုဒ်မ ၁၈၊ ၅၀၅၊ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀နဲ့ စွဲဆိုခံနေရပါတယ်။ ကျောက်တံတားတရားရုံးက လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုကို ဆန္ဒပြခဲ့တဲ့ အတွက် ဦးထင်ကျော်နဲ့ ဇနီးအပါအ၀င် တခြား ၅ ဦးကိုလည်း ပုဒ်မ ၁၈ နဲ့ စွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013