DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်ထားလို့မရနိုင်ဟု ကေအန်ယူခေါင်းဆောင်ပြော
DVB
·
August 12, 2021
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်ထားလို့မရနိုင်ဟု ကေအန်ယူခေါင်းဆောင်ပြော
Donate to DVB

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးလိုတဲ့ နိုင်ငံရေးဆန္ဒ (Political will) မရှိ သရွှေ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်တွေထားလို့မရနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပြောကြားလိုက်ပါတယ်။ 

ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့ မှာ ကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားလိုက်တာဖြစ်ပြီး ကေအန်ယူအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ အဖြေရှာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို ခေတ်အဆက်ဆက် လုပ်ဆောင်လာခဲ့ပေမယ့် ၂၀၂၁ ခု ဖေဖော်ဝါရီ  ၁ ရက်နေ့မှာ အာဏာသိမ်းမှုကြောင့် နိုင်ငံရေး နောက်ကြောင်းပြန်လည့်ရပြီလို့ လည်း  ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပြောကြားပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်  ပြည်သူလူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေက မြို့ကြီးပြကြီးအထိ ပျံ့နှံ့ဖြစ်ပေါ်နေတဲ့အပြင်  ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေဟာ အခုထိတိုင် အတောမသတ်နိုင်ရှိနေကြောင်း ပြောဆိုထားပါတယ်။

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးလိုတဲ့ နိုင်ငံရေးဆန္ဒမရှိသရွေ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အပေါ်မျှော်လင့်ချက်တွေ ထားလို့မရနိုင်တဲ့အတွက် မိမိတို့အနေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် လမ်းဖွင့်ထားပြီး တဘက်မှာလည်း မိမိပြည်သူ လူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို မိမိတို့ရဲ့ နေရပ်ဒေသကို ကာကွယ်ရမှာဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ပြောထားပါတယ်။ 

ကရင်အမျိုးသားတွေဟာ မိမိကိုယ်ပိုင် သမိုင်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးတမ်းတွေရှိတဲ့ လူမျိုးတမျိုးဖြစ်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ထိပါး နှောက်ယှက်ဖျက်ဆီးစေမယ့် အရာမှန်သမျှကို ကာကွယ်တွန်းလှန်နိုင်တဲ့အခွင့်အရေးနဲ့ တာဝန်ရှိကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် မိမိတို့ ကရင့်အမျိုးသားတွေရဲ့ စည်းစိမ်ဥစ္စာနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိပါးနှောက်ယှက်လာမယ့် အရာမှန်သမျှကို  ကာကွယ်တွန်းလှန်ရမှာဖြစ်ပြီး မိမိတို့ ကရင့်အမျိုးသားတွေရဲ့ အသက်အန္တရာယ်နဲ့ နေရာဒေသကို ကာကွယ်နိုင်တဲ့ အခွင့်အရေး အပြည့်အဝရှိကြောင်း ပြောပါတယ်။ 

ဒါ့ကြောင့် ကရင်အမျိုးသားတွေအနေနဲ့ ကရင့်အမျိုးသားတွေရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ မိမိတို့ ကရင့်အာဇာနည်တွေရဲ့ ရည်မှန်ချက်ပန်းတိုင်တွေ ပြီးမြောက်အောင်မြင်စေဖို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ ကြိုပမ်းအားထုတ်ဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013